ဓာတ်ပုံ-သုခစံ(မုံရွာ)
လက်ပံတောင်းတောင် ဒေသခံများနှင့် လုံခြုံရေးဝန်ထမ်းများ ပဋိပက္ခဖြစ်ပွား၊ ဒေသခံရှစ်ဦး ရာဘာကျည်ဖြင့် ပစ်ခံရ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မိုး ကြိုးပြင်ကျေးရွာ၊ ပုသိမ်ကြီးလမ်းမတွင် ယမန် နေ့ ည ၈ နာရီ ၁၅ မိနစ်ခန့်က ဒေသခံများနှင့် လုံခြုံရေး ရဲဝန်ထမ်းများအကြား ပဋိပက္ခဖြစ် ပွားခဲ့ပြီး လုံခြုံရေးရဲဝန်ထမ်းများက ရာဘာ ကျည်ဆံများဖြင့် ပစ်ခတ်ခဲ့ပြီး ဒေသခံရှစ်ဦး ထိမှန်ခဲ့ကာ ဒဏ်ရာရရှိသူများတွင် ဒေသခံ ကလေးငယ်တစ်ဦးလည်းပါဝင်ကြောင်း ဒေသခံ များက The Messenger သတင်းစာသို့ ပြောသည်။
''ကျွန်တော့်ရင်ဘတ်ကိုမှန်တယ်။ ရင် ဘတ်က အရမ်းအောင့်နေတယ်။ ဆေးကုပေးမယ့်သူမရှိဘူး''ဟု ရင်ဘတ်တွင် ရာဘာကျည်ထိမှန်သူ ကလေးငယ်က ပြောသည်။
မိုးကြိုးပြင်ရွာသို့ ရဲနှင့်လုံထိန်းများ ဝင်လာပြီဆိုသော သတင်းကြားသဖြင့် ဒေသခံများမှာ ရွာပြင်သို့ ထွက်ပြီး လုံထိန်းများကို စောင့်ကြည့်နေကြောင်း၊ စောင့်ကြည့်နေစဉ်အတွင်း ရဲကား (၁၇) စီး ရောက်လာပြီး လေးခွများဖြင့် စတင်ပစ်ခတ်ခဲ့ကြောင်း၊ ထို့နောက် ရာဘာကျည်ဆံများနှင့် ထပ်မံပစ်ခတ်ခဲ့ကြောင်း ဒေသခံ ကိုကျော်လင်းက ပြောသည်။
''ကျွန်မတို့ရွာရှေ့ကို ဝင်လာတယ်။ ကျွန်မတို့က ရွာမှာ နွားကျောင်းတဲ့ ကိုယ့်သား ကိုယ့်သမီးတွေကို စောင့်နေကြတဲ့သူတွေရှိတယ်။ ဒီနေ့ သူတို့တွေလာတယ်၊ ပစ်တယ်။ ကျွန်မလက်ကို မှန်သွားတယ်။ အခုသွေးတွေ ထွက်နေလို့ အင်္ကျီတစ်ထည်နဲ့ လက်ကိုစီးထားရတယ်။ ကျွန်မတို့လည်း ရွာပြန်ရောက် ပြီး အပြင်မှာ သူတို့တွေကျန်ခဲ့တယ်။ ခုချိန်ထိ တော့ ကျွန်မတို့ရွာကို ဝိုင်းထားလား။ မဝိုင်းထားလားမသိဘူး။ ကျွန်မတို့လည်း ရွာပြင် မထွက်ရဲဘူး'' ဟု ဒေသခံမအေးဆန်းက ပြောသည်။
ဝမ်ပေါင်ကုမ္ပဏီက လုပ်ကိုင်သည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို စီမံကိန်းနယ်မြေရှိ ဒေသခံအချို့က လက်ရှိ အချိန်ထိ ကျေနပ်မှုမရှိဘဲ သပိတ်စခန်းဖွင့်ကာ ဆက်လက်ဆန္ဒပြနေကြကြောင်း ဒေသခံများထံမှ သိရသည်။ ယမန်နေ့ညက မိုးကြိုးပြင်ရွာ ဒေသခံများနှင့် ရဲဝန်ထမ်းတို့ကြား ပဋိပက္ခဖြစ်ပွားခဲ့ပြီး နောက် ည ၁၁ နာရီအချိန်ခန့်တွင် အခြေ အနေတည်ငြိမ်နေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
ဖြစ်စဉ်အသေးစိတ်နှင့် ပတ်သက်၍ အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိနေသော တာဝန်ကျ ရဲအရာရှိတစ်ဦးအား ယမန်နေ့ည ၁၁ နာရီခွဲခန့်အချိန်က The Messenger သတင်းစာမှ ဆက်သွယ်မေးမြန်းရာ ဖြစ်စဉ် အသေးစိတ်ကို ၎င်းအနေဖြင့် မသိရှိသေးကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
သုခစံ (မုံရွာ)
အေးချမ်းမွန် Credit To > Messenger News Journal
Post a Comment