0

ရန်ကုန်၊ နိုဝင်ဘာ ၂၈

မဟာမဲခေါင် ဒေသများအတွင်း နယ်စပ်ဖြတ်ကျော် ပို့ဆောင်ရေးနှင့် ကုန်သွယ်မှု အရှိန်မြှင့်တင် ရေးအတွက် ပူးပေါင်းလုပ်ဆောင်ရေး သုံးနှစ်တာ လုပ်ငန်းစီမံချက် (Action Plan) ကို မဟာမဲခေါင် ဒေသတွင်း ဝန်ကြီးများက နေပြည်တော်တွင် ကျင်းပသည့် မဟာမဲခေါင်ဒေသ နယ်စပ်ဖြတ်ကျော် ပို့ဆောင်ရေး သဘောတူညီချက် စတုတ္ထအကြိမ် ပူးတွဲကော်မတီ အစည်းအဝေးတွင် သဘောတူညီခဲ့ကြောင်း အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB) က သတင်းထုတ်ပြန်သည်။

နယ်စပ်ဖြတ်ကျော် ပို့ဆောင်ရေးနှင့် ကုန်သွယ်မှု အရှိန်မြှင့်တင်ရန် ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ သုံးနှစ်ကြာ လုပ်ဆောင်မည့် အဆိုပါ စီမံကိန်းတွင် တရုတ်နှင့် မြန်မာနိုင်ငံ၊ မြန်မာနှင့် ထိုင်းနိုင်ငံ၊ တရုတ်နှင့် ထိုင်းနိုင်ငံ၊ လာအိုနှင့် ထိုင်းနိုင်ငံတို့၏ လမ်းပန်းဆက်သွယ်ရေး ဆိုင်ရာ သဘောတူညီချက်များ ရရှိခဲ့သည်ဟု အဆိုပါ ထုတ်ပြန်ချက်က ဆိုသည်။

အဆိုပါစီမံကိန်းတွင် မဟာမဲခေါင်ဒေသတွင်း နိုင်ငံများ၏ ပို့ဆောင်ရေးနှင့် ကုန်သွယ်ရေး လမ်းကြောင်း တိုးချဲ့ခြင်း၊ အကောက်ခွန် လုပ်ငန်းစဉ်များ တိုးချဲ့ဆောင်ရွက်ခြင်းနှင့် နယ်စပ်ဖြတ်ကျော် ယာဉ်အာမခံ လုပ်ထုံးလုပ်နည်းများလည်း ပါဝင်သည်ဟု အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။

မဟာမဲခေါင်ဒေသ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု စီမံကိန်းများ ဖြစ်သည့် ပို့ဆောင်ရေး၊ ကုန်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်း ချိတ်ဆက် ဆောင်ရွက်ရေး၊ ပြိုင်ဆိုင်မှု အားကောင်းရေး၊ လူမှုရေး ဝန်ဆောင်မှု လုပ်ငန်းများ ပေါ်ပေါက်လာရေး၊ စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး ကိစ္စရပ်များတွင် ADB ဘဏ်က ဦးဆောင် ထောက်ပံ့လျက် ရှိသည်ဟု မြန်မာနိုင်ငံ ADB ဘဏ် ပြင်ပဆက်ဆံရေး အရာရှိက ပြောကြားသည်။

မဟာမဲခေါင်ဒေသတွင်း နိုင်ငံများတွင် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နှင့် တရုတ်နိုင်ငံတို့ ပါဝင်ပြီး မဲခေါင်မြစ်ဝှမ်း တစ်လျှောက် နိုင်ငံများ ပေါင်းစု၍ ဖွဲ့ထားခြင်း ဖြစ်သည်။

အေးချမ်းမွန် Credit To >The Voice Weekly < Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top