0

ရန်ကုန်၊ နိုဝင်ဘာ ၂၁

ပြည်တွင်းတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း လုပ်ကိုင်ရန် ဝင်ရောက်လာသော ပြည်ပ ကုမ္ပဏီကြီးများနှင့် ဖက်စပ် စနစ်ဖြင့် ပူးပေါင်း လုပ်ကိုင်ရန် စွမ်းအင် ဝန်ကြီးဌာနတွင် လာရောက် မှတ်ပုံတင်ထားသော ပြည်တွင်း ကုမ္ပဏီ ၁၆၀ ခန့်အထိ ရှိကြောင်း စွမ်းအင် ဝန်ကြီးဌာနထံမှ သိရသည်။

စွမ်းအင် ဝန်ကြီးဌာန၏ သတ်မှတ်ချက်များအရ ကုန်းတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက်များတွင် လုပ်ကိုင်ခွင့် ရရှိထားသော ပြည်ပကုမ္ပဏီများက ပြည်တွင်း ကုမ္ပဏီများနှင့် ပူးပေါင်း လုပ်ကိုင်ရမည် ဖြစ်သောကြောင့် မှတ်ပုံတင်ထားကြခြင်း ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ယခုနှစ်ဆန်းပိုင်းက တင်ဒါ ခေါ်ယူထားသော မြန်မာနိုင်ငံ အတွင်းရှိ ကုန်းတွင်းပိုင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက် ၁၈ ခုတွင် အိန္ဒိယနိုင်ငံမှ ONGC က နှစ်ခု၊ ပါကစ္စတန်မှ PVT က နှစ်ခု၊ အီတလီမှ Eni က နှစ်ခု၊ မလေးရှားမှ Petronas က နှစ်ခု၊ ကနေဒါမှ Pacific Hunt Energy Corp က နှစ်ခု၊ ဗြိတိသျှ ဗာဂျင်ကျွန်းစုမှ MPRL E&P က နှစ်ခု၊ ဘရူနိုင်း၊ လူဇင်ဘတ်၊ ရုရှားနှင့် ထိုင်းတို့မှ လုပ်ကွက်တစ်ခုစီ လုပ်ကိုင်ခွင့် ရရှိထားသည်။

ပြည်တွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေး လုပ်ကွက်များတွင် နိုင်ငံတကာ ကုမ္ပဏီများနှင့် ဖက်စပ် ပူးပေါင်း လုပ်ကိုင်ခွင့် ရရှိနိုင်ရန် ကြိုတင် မှတ်ပုံတင်ထားသော ကုမ္ပဏီများတွင် ပြည်တွင်းရှိ နာမည်ကြီး စီးပွားရေး လုပ်ငန်းရှင်ကြီးများ ဖြစ်သည့် ဦးချစ်ခိုင်၏ ဧဒင်ကုမ္ပဏီ၊ ဦးအောင်ဇော်နိုင်၏ ရွှေတောင် ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီ၊ ဦးအောင်ကိုဝင်း၏ ကမ္ဘောဇ စက်မှုလုပ်ငန်း ကုမ္ပဏီ၊ ဦးတေဇ၏ Central Marketing Co., Ltd. ဦးကျော်နိုင်ဦး၏ နီလာလင်းလက် ကုမ္ပဏီ အစရှိသည့် အင်အားကြီး ကုမ္ပဏီကြီးများ ပါဝင်သည်။

အေးချမ်းမွန် Credit To > The Voice Weekly https://www.facebook.com/excellencemedia

Post a Comment

 
Top