0


အစိုးရအဖွဲ့အတွင်း ၀န်ကြီးများ၊ ဒုတိယ၀န်ကြီးများ များပြားနေ၍ ကုန်ကျစရိတ်များပြားနေကြောင်း လွှတ်တော်မှ ဝေဖန်နေချိန်တွင် နိုင်ငံတော်သမ္မတရုံးက နိုဝင်ဘာ ၂၁ ရက်တွင် ဒုတိယ၀န်ကြီးတစ်ဦး ထပ်မံခန့်အပ်လိုက်သည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန လက်အောက်ရှိ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဦးမော်သာထွေးအား ဒုတိယ၀န်ကြီးအဖြစ် ခန့်အပ်လိုက်ကြောင်း အမိန့်အမှတ် ၅၀/၂၀၁၃ ဖြင့် ထုတ်ပြန်သည့် အမိန့်စာတွင် ဖော်ပြထားသည်။

နိုဝင်ဘာ ၁၁ ရက်တွင် ပြုလုပ်သော အမျိုးသားလွှတ်တော် သတ္တမပုံမှန် အစည်းအဝေး၌ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဗညားအောင်မိုးက အစိုးရအဖွဲ့အတွင်း ၀န်ကြီးနှင့် ဒုတိယ၀န်ကြီးအရေအတွက် ၉၆ ဦးအထိ ရှိနေခြင်းကို လျှော့ချရန် ပြန်လည်သုံးသပ်သင့်ကြောင်း ဆွေးနွေးခဲ့သည်။

ပြည်ထောင်စုဝန်ကြီးတစ်ဦးအတွက် ပေးအပ်ရသည့် စက်သုံးဆီ အသုံးစရိတ်များ၊ ပြင်ဆင်ထိန်းသိမ်းစရိတ်နှင့် အခြားအသုံးစရိတ်များအတွက် ကျခံရငွေမှာ များပြားလျက်ရှိပြီး အဆိုပါအသုံးစရိတ်မှာ သာမန်အသုံးစရိတ်အ တွင်း ထည့်သွင်းထားသဖြင့် လွှတ်တော်မှ ဖြတ်တောက်၍ မရကြောင်းလည်း ၎င်းကပြောသည်။

လက်ရှိတွင် ဒုတိယ၀န်ကြီးတစ်ဦးသာရှိသည့် ၀န်ကြီးဌာန ခြောက်ခုသာရှိပြီး ယခု ဒုတိယ၀န်ကြီးတစ်ဦး ထပ်မံခန့်အပ်လိုက်သည့် ၀န်ကြီးဌာနအပါအ၀င် ၀န်ကြီးဌာန ၂၅ ခုတွင် ဒုတိယ၀န်ကြီးနှစ်ဦးမှ သုံးဦးအထိ ခန့်အပ်တာဝန်ပေးထားကြောင်း သမ္မတရုံးက ထုတ်ပြန်သည့် စာရင်းများတွင် ဖော်ပြသည်။ ထို့ကြောင့် ယခုအခါ ၀န်ကြီး၊ ဒုဝန်ကြီးပေါင်း ၉၇ ဦး ရှိပြီဖြစ်သည်။

““ဒီလိုလုပ်တယ်ဆိုတာ အာဏာလုပ်ပိုင်ခွင့်ရှိလို့ လုပ်တာပေါ့။ မှန်တယ်၊ မမှန်ဘူးဆိုတာ ပြည်သူတွေက သိလာပါလိမ့်မယ်။ မှားတယ်ဆိုရင် ပြင်ရမယ်။ မှန်တယ်ဆိုရင် ဆက်လုပ်ပေါ့””ဟု ဒေါက်တာ ဗညားအောင်မိုးက ဒုဝန်ကြီးတစ်ဦး တိုးလာခြင်းနှင့် ပတ်သက်၍ ပြောကြားသည်။

မိမိတို့အနေဖြင့် ဝေဖန်ထောက်ပြမှုကိုသာ ပြုလုပ်နိုင်ပြီး တားမြစ်နိုင်သည့် အခွင့်အာဏာမရှိကြောင်း ၎င်းကဆက်လက် ပြောသည်။

7day Daily

အေးချမ်းမွန် Credit To > Mandalay Media Group https://www.facebook.com/excellencemedia

Post a Comment

 
Top