Published on: April 3, 2014
Written by: ဇင်ဘိုလွင်
ရခိုင်ပါတီ နှစ်ခုဖြစ်သည့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) တို့မှ ရခိုင်အမျိုးသားပါတီ (ANP) အဖြစ် ပေါင်းစည်းမှုတွင် RNDP လွှတ်တော်ကိုယ်စားလှယ်များဘက်မှ တစ်သီးပုဂ္ဂလအဖြစ် ခွဲထွက်သူ လက်ရှိအချိန်ထိ မရှိကြောင်း RNDP ဥက္ကဋ္ဌဟောင်း ဒေါက်တာအေးမောင်က ပြောကြားသည်။
ရခိုင်နှစ်ပါတီ ပေါင်းစည်းမှု ပြီးဆုံးပါက မပူးပေါင်းလိုသည့် လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် တစ်သီးပုဂ္ဂလ အမတ်များအဖြစ် ဆက်လက်ရပ်တည် သွားလိမ့်မည်ဟု ဒေါက်တာအေးမောင်က နှစ်ပါတီ မပူးပေါင်းမီ ပြောကြားထားသော်လည်း လက်ရှိအချိန်ထိ တစ်သီးပုဂ္ဂလအဖြစ် လျှောက်ထားသူ မရှိသေးကြောင်း ၎င်းက ဧပြီ ၂ ရက်တွင် ပြောကြားသည်။
"ပါတီက နုတ်ထွက်သွားတဲ့ လွှတ်တော်အမတ်ကတော့ မရှိသေးဘူး။ ဒါပေမဲ့ ပါတီကလည်း တရားဝင် ဖွဲ့စည်းပုံတော့ကျပြီ။ ဒါပေမဲ့ ရခိုင်အမျိုးသားပါတီရဲ့ ညီလာခံအထိ သွားရမှာလေ။ အဲဒီအထိတော့ လောလောဆယ် လွှတ်တော်အမတ်တွေ အနေနဲ့ ဘယ်လိုသွားမလဲဆိုတာ မသိသေးဘူး" ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ဦးလည်းဖြစ်သူ ဒေါက်တာအေးမောင်က ဆိုသည်။
သို့သော် လက်ရှိတွင် ပါတီသစ် တည်ထောင်ရာ၌ ပါဝင်ခဲ့သည့် ဗဟိုအလုပ်အမှု ဆောင်များနှင့် ဗဟိုကော်မတီဝင်များသာ ပါတီသစ်တွင် ပါဝင်ရန် မသေချာသေးကြောင်း၊ ပါတီဝင်လျှောက်လွှာများ ခေါ်ယူထားဆဲဖြစ်ပြီး ယင်းအပေါ်တွင် စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း၊ စက်တင်ဘာလအတွင်း ပြုလုပ်ရန်ရှိသည့် ညီလာခံအပြီးတွင်လည်း ထွက်သွားနိုင်သည်များ ရှိကြောင်း၊ လက်ရှိအချိန်ထိသာ မရှိဘူးဟု ပြောနိုင်သေးကြောင်းလည်း ၎င်းက ပြောကြားသည်။
ရခိုင်အမျိုးသားပါတီ၏ ပထမဆုံး အစည်းအဝေးကို မတ် ၂၃ ရက်မှ ၂၆ ရက် ထိ ရခိုင်ပြည်နယ် စစ်တွေမြို့၌ ပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေးတွင် RNDP ဘက်မှ လွှတ်တော်ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ပြီး ယင်းအစည်းအဝေးတွင်လည်း တစ်သီးပုဂ္ဂလအဖြစ် တင်ပြခဲ့သူ မရှိကြောင်း ANP ပါတီ ပထမခေါင်းဆောင် ဦးအေးသာအောင်က ပြောကြားသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီများ ပူးပေါင်း၍ ပါတီတစ်ခုအဖြစ် တည်ထောင်ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်တွင် "သက်ဆိုင်ရာပါတီ တစ်ခုခုကို ကိုယ်စားပြု၍ ရွေးကောက်တင်မြှောက်ခြင်း ခံထားရသော ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော် သို့မဟုတ် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဦးသည် ပူးပေါင်းတည်ထောင် လိုက်သည့်ပါတီကို ကိုယ်စားပြု၍ ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော် ကိုယ်စားလှယ်ဖြစ်သည်ဟူ၍ မှတ်ပုံတင်ရမည်။ အကယ်၍ ယင်းလွှတ်တော် ကိုယ်စားလှယ်သည် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ် အဖြစ်သာ ရပ်တည်လိုကြောင်း ဆန္ဒရှိပါက ထိုသို့ရပ်တည် လိုကြောင်းကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြရမည်" ဟု ဖော်ပြထားသည်။
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီသည် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ၌ ပြည်သူ့လွှတ်တော် ကိုးနေရာ၊ အမျိုးသားလွှတ်တော် ခုနစ်နေရာ၊ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော် ၁၈ နေရာနှင့် တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်တစ်နေရာ ရရှိထားသည်။
-
ရခိုင်အမျိုးသားပါတီ ဗဟိုကော်မတီ (ယာယီ) အစည်းအဝေးကို စစ်တွေမြို့၌ မတ်လက ပြုလုပ်ခဲ့စဉ်
Aye Chan Mon# Credit To :Eleven Media Group > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.