0


Created on Tuesday, 26 November 2013 02:51 

စစ်အာဏာရှင် စနစ်၏ အနှစ်သာရကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် မြင်တွေ့နေရသော်လည်း မြန်မာပြည်တွင် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေပြီဟု နိုင်ငံရေး ပါတီများ၏ ထိုင်းနိုင်ငံ ချင်းမိုင်ခရီးစဉ်တွင် နိုင်ငံရေး အင်အားစုများနှင့် တွေ့ဆုံစဉ် ရှင်းပြခဲ့သည်ဟု အဆိုပါ ခရီးစဉ်တွင် လိုက်ပါသွားသည့် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ အတွင်းရေးမှူး ဦးမျိုးညွန့်က နိုဝင်ဘာ ၂၅ ရက်က ပြောကြားသည်။

ရန်ကုန်မြို့ရှိ Myanmar Peace Center ၌ ပြုလုပ်ခဲ့သည့် သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ချင်းမိုင်တွင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ၊ နိုင်ငံရေး အင်အားစုများ၊ ပြည်ပရောက် လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့သည့် နိုင်ငံရေး ပါတီ ၁၁ ခုတို့ တွေ့ဆုံမှု အပြီးတွင် ဦးမျိုးညွန့်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

''ဘာမှမပြောင်းလဲဘူးလို့ ပြောတဲ့ နိုင်ငံရေး အင်အားစုများလည်း ရှိတယ်။ ကိုယ်တို့က ဘာရှင်းပြလည်း ဆိုတော့ တစ်စုံတစ်ရာ ပြောင်းလဲနေပါပြီ။ သို့သော်လည်းပဲ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးက အပြည့်အစုံ မဖြစ်သေးပါဘူး။ ရာခိုင်နှုန်းအရ ပြောရရင် ၁၀၀ မှာ ၃၀၊ ၃၅ ရာခိုင်နှုန်းထက်တော့ မပိုသေးပါဘူး။ သို့သော် လုံးဝမပြောင်းလဲဘူး ဆိုရင်လည်း အဆိုးမြင်ပါတယ်။ သိပ်ပြောင်းနေပြီ ဆိုတာမျိုးလည်း မဟုတ်ပါဘူး။ အဲဒီလိုပြောရင် သိပ်အကောင်းမြင်လွန်း အားကြီးတယ်။ တစ်စုံတစ်ရာတော့ ပြောင်းလဲနေပါပြီ။ ကိုယ်တိုင်လာပြီးတော့ လေ့လာကြည့်ကြပါ'' ဟု ချင်းမိုင်တွင် နိုင်ငံရေး အင်အားစုများနှင့် တွေ့ဆုံစဉ် ရှင်းပြခဲ့သည်ဟု ဦးမျိုးညွန့်က ပြောကြားသည်။

''စစ်အာဏာရှင်စနစ် ဆိုတာလည်း အနည်းဆုံး အနှစ်သာရလုံးဝ မပြောင်းတောင် အသွင်သဏ္ဌာန်အရ ချုပ်ငြိမ်းသွားပြီ။ အနှစ်သာရတွေတော့ ကျန်ကောင်း ကျန်ပါလိမ့်မယ်။ ဘယ်မှာတွေ့နေရလည်း အဲဒီအနှစ်သာရဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ တွေ့နေရတယ်။ စစ်အာဏာရှင် စနစ်ရဲ့ အရိပ်မည်းကြီး ထိုးနေမှုဟာ ရှိနေသေးတယ်။ အဲဒါတွေကိုလည်း ပြည်သူလူထု တစ်ရပ်လုံးက ပြင်ချင်နေပြီ။ နိုင်ငံရေးပါတီ တွေကလည်း ပြင်ချင်နေပြီ။ အဲဒီတော့ ဒါကြီးလွှတ်ပစ်ပြီးတော့ အသစ်ရေးဆိုတဲ့ ပုဂ္ဂိုလ်တွေတောင် ရှိတယ်။ အများစုကတော့ ဒီလိုလုပ်လို့တော့ မဖြစ်သေးဘူး။ အခြေအနေ အကြောင်းကြောင်း တွေကြောင့် ဒါကိုပြင်ရေးပဲ လုပ်ကြရအောင်ဆိုတဲ့ အနေအထား ရှိနေပါပြီ။ ဒါဟာ ပြောင်းလဲလို့ပါ။ ကိုယ်တိုင်လာကြည့်ကြပါလို့ ရှင်းပြနိုင်ခဲ့ပါတယ်'' ဟု ဦးမျိုးညွန့်က ဆက်လက် ပြောကြားသည်။

ထိုင်းနိုင်ငံရှိ နိုင်ငံရေး အင်အားစုများနှင့် တွေ့ဆုံစဉ် ရှင်းပြခဲ့သည့် အခြေအနေများအား ၀န်ကြီးဦးအောင်မင်းနှင့် တွေ့ဆုံရာတွင် အသေးစိတ် ပြန်လည်ပြောပြခဲ့သည်ဟု ဦးမျိုးညွန့်က ပြောကြားသည်။

အေးချမ်းမွန် Credit To > Eleven Media Group

Post a Comment

 
Top