Created on Tuesday, 26 November 2013 02:11
အစိုးရက ပေးထားသည့် အပစ်အခတ် ရပ်စဲရေးမူကြမ်းတွင် ယခင်ပြည်နယ် အဆင့်နှင့် ပြည်ထောင်စု အဆင့်များ၌ မပါသည့် အချက်များ ထည့်ထားသောကြောင့် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု လက်မှတ်ရေးထိုးရန် မနီးစပ်သေးဟု UNFC အထွေထွေ အတွင်းရေးမှူး ဦးနိုင်ဟံသာက နိုဝင်ဘာ ၂၄ ရက်က ရန်ကုန်မြို့၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။
တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်ပြီး နိုဝင်ဘာ ၄ ရက်နှင့် ၅ ရက်များက မြစ်ကြီးနားမြို့တွင် ပြုလုပ်ခဲ့သည့် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ဆွေးနွေးပွဲတွင် အစိုးရဘက်မှ တိုင်းရင်းသား အဖွဲ့များသို့ မူကြမ်းတစ်စောင် ပေးအပ်ခဲ့ပြီး တိုင်းရင်းသားများ ဘက်မှလည်း လိုင်ဇာသဘောတူညီချက် မူကြမ်းကို အစိုးရဘက်သို့ ပေးအပ်ခဲ့သည်။
အစိုးရဘက်မှ ပေးအပ်ခဲ့သည့် မူကြမ်းနှင့်ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ စုပေါင်းဖွဲ့စည်း ထားသော UNFC သဘောထားအား ဦးနိုင်ဟံသာက ပြောကြားရာတွင် ''လက်မခံနိုင်တဲ့ အပိုင်းတွေ အများကြီးပဲ။ အဓိကအားဖြင့်တော့ အပစ်ရပ်ထားတဲ့ အဖွဲ့တွေက ပြည်နယ်အဆင့်မှာရော ပြည်ထောင်စု အဆင့်မှာရော အစိုးရနဲ့ သဘောတူ လက်မှတ်ထိုးတုန်းက မပါခဲ့တဲ့ အချက်တွေ တော်တော်များများကို ဒီအထဲမှာ ထည့်လာတာပေါ့ဗျာ။ ကျွန်တော်ပြောတာက အရေးကြီးတဲ့ အပိုင်းတွေစာထဲမှာ ပြန်ကြည့်ရင်တော့ အများကြီးပဲ'' ဟု ပြောကြားသည်။
''အဲဒီအထဲမှာ ကျွန်တော်တို့ကို လက်နက်ကိုင် လမ်းစဉ်စွန့်ပြီး ဥပဒေဘောင်ထဲဝင်ဆိုတဲ့ အသုံးအနှုန်းလည်း ပါတယ်။ နောက်ပြီးတော့မှ ကျွန်တော်တို့ကို တပ်သားသစ် မစုဆောင်းရ၊ လက်နက်တွေကို မစုဆောင်းရ၊ ရောင်းဝယ်မှု မလုပ်ရပေါ့ဗျာ။ နောက်လူထုဆီမှာ အကောက်ခွန် မကောက်ရ စသည်ဖြင့် အဲဒါတွေပါ ထုတ်လာတယ်လေ။ နောက်ပြီးတော့ ကျွန်တော်တို့ နယ်မြေမှာလည်း ရဲတွေကို လွှတ်ပြီးတော့မှ လုံခြုံရေး ကိစ္စကိုလည်း လုပ်မယ်ဆိုတဲ့ ဟာမျိုးကိုလည်း အန်ကယ်တို့က လက်မခံနိုင်ဘူး။ ဒါတွေမှာ အမြင်ကွာခြားတယ်။ ဒါပေမဲ့ ပြန်ညှိရမှာပဲ'' ဟု ဦးနိုင်ဟံသာက ပြောကြားသည်။
တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သက်ပြီး အစိုးရ၏မူကြမ်းနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ မူကြမ်းညှိနှိုင်းရန် အခက်အခဲ ရှိသော်လည်း လက်ရှိဆွေးနွေးထားသည့် လုပ်ငန်းစဉ်များ မပျက်စီးစေရန် ဆက်လက်ထိန်းသိမ်း သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
အေးချမ်းမွန် Credit To > Eleven Media Group
Post a Comment