0


မင်းမင်း| သောကြာနေ့၊ နိုဝင်ဘာလ ၈ ရက် ၂၀၁၃ ခုနှစ်

ငါးပုပ်နံ့ထွက်သည့် ငွေပင်လယ် ငါးမုန့်စက်ရုံ ပိတ်ထားရ

သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေပြီး စွန့်ပစ်ပစ္စည်းများမှ အနံ့ဆိုးထွက်သော စက်ရုံ၊ အလုပ်ရုံများကို ရန်ကုန်တိုင်းအစိုးရက ဖွဲ့စည်းထားသော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆပ်ကော်မတီသို့ တိုင် ကြားနိုင်သည်ဟု တိုင်းလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဦးတင်ဝင်းက ပြောဆိုလိုက်သည်။

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များပါဝင်သော အဆိုပါ ဆပ်ကော်မတီအနေဖြင့် စက်ရုံ၊ အလုပ်ရုံ များကို အခါအားလျော်စွာ စစ်ဆေးနေပြီး ပြည်သူများကလည်း အနံ့ထွက်သည့် စက်ရုံများကို ယင်းဆပ် ကော်မတီသို့ ဆက်သွယ် သတင်းပေးနိုင်သည်ဟု ၎င်းက ပြောသည်။

လှိုင်သာယာစက်မှုဇုန်၊ ဦးပိုင်ဝင်းအတွင်းရှိ ငွေပင်လယ်ငါးမုန့်စက်ရုံမှထွက်သော ငါးပုပ်နံ့များကြောင့် ရွှေ ပြည်သာမြို့နယ်ရှိ ရပ်ကွက်ငါးခုမှဒေသခံများ ကျန်းမာရေးထိခိုက်နေသဖြင့် အဆိုပါအနံ့ဆိုးများပပျောက် ရေး ဆောင်ရွက်ရန် ရွှေပြည်သာမြို့နယ်မှ ရန်ကုန်တိုင်းလွှတ်တော်အမတ် ဦးမောင်မောင်ဝင်းက နိုဝင် ဘာ ၇ ရက်ကပြုလုပ်သည့် တိုင်းလွှတ်တော်တွင် မေးခွန်းမေးခဲ့ခြင်းကို နယ်စပ်/လုံခြုံဝန်ကြီး ဦးတင်ဝင်း က အထက်ပါအတိုင်း ပြန်ဖြေခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ငွေပင်လယ်ငါးမုန့်စက်ရုံကိုလည်းသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆပ်မတီက သွားရောက် လေ့လာခဲ့ပြီး အမှန်တကယ် အနံ့ဆိုး ထွက်နေသည့်အတွက် “စက်ရုံပိတ်ထားရန်နှင့် အနံ့အသက် ပ ပျောက်ရေး ပြုပြင်ပြီးမှသာ သတင်းပို့၍ စမ်းသပ် လည်ပတ်ရန် လမ်းညွှန်ခဲ့ပါတယ်”ဟု ၀န်ကြီးက ပြော သည်။

ရန်ကုန်တိုင်းအတွင်း ယခင်အစိုးရလက်ထက်ကတည်းက တည်ထောင်ထားသော စက်မှုဇုန်ပေါင်း ၃၀ ခန့်ရှိပြီး ထိုစက်မှုဇုန်များလည်း “စွန့်ပစ်ပစ္စည်းများ စနစ်တကျ စွန့်ပစ်ရေး၊ အနံ့အသက်ကင်းစင်ရေး၊ စွန့် ပစ်ရေများ စနစ်တကျစွန့်ပစ်ရေး၊ လေထုညစ်ညမ်းမှုများ မဖြစ်ပေါ်စေရေး စသော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာများကို ထည့်သွင်းစဉ်းစား ဖော်ထုတ်ထားသော စက်မှုဇုန်များ မဟုတ်”ဟုလည်း ၀န်ကြီးက လွှတ်တော်တွင် ပြောခဲ့သေးသည်။

သတ်မှတ်ထားသော လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းမှုနှင့် လုပ်သားများအား ကျန်းမာရေးစောင့် ရှောက်မှုမရှိသည့် စက်ရုံ၊ အလုပ်ရုံများကို တရားစွဲမည်ဟုလည်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဦးစီးဌာန ဒု-၀န်ကြီးဦးထင်အောင်က အောက်တိုဘာ ၃၀ ရက်က ပြည်ထောင်စုလွှတ်တော်တွင် ပြောဆိုထားသည်။

လွှတ်တော်အမတ် ၂၆ ဦးဖြင့် ဖွဲ့စည်းထားသည့် အလုပ်သမား၊ အလုပ်ရှင် အခွင့်အရေး လေ့လာရေး ကော်မတီကလည်း ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းရှိ စက်ရုံ ၃၆ ရုံသို့ သွားရောက် စစ်ဆေးပြီး ပြီးခဲ့သည့် သြဂုတ်လအတွင်းက ထုတ်ပြန်လိုက်သည့် အစီရင်ခံစာတွင် စက်ရုံ၊ အလုပ်ရုံများ၌ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းမှုမှာ အလွန်အားနည်းနေပြီး လုပ်သားများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလည်း မရှိသလောက်ဖြစ်နေသဖြင့် ကျန်းမာရေး ချို့တဲ့ကာ စိတ်ဓာတ်အင်အား ကျဆင်းနေသည်ဟု ပြောဆိုထားသည်။

အေးချမ်းမွန် Credit To >Mizzima - News in Burmese https://www.facebook.com/excellencemedia

Post a Comment

 
Top