0


နေမျိုး| သောကြာနေ့၊ နိုဝင်ဘာလ ၈ ရက် ၂၀၁၃ ခုနှစ်

မြန်မာနိုင်ငံတွင် ဓာတ်အား ဖြန့်ဖြူးမှုအပိုင်းတွင် ဖြစ်ပေါ်လျက်ရှိသည့် နည်းပညာဆိုင်ရာ ဆုံးရှုံးမှုနှင့် တရားမ၀င် ဓာတ်အားရယူ သုံးစွဲမှုတို့ကြောင့် ပို့လွှတ်ဓာတ်အားစုစုပေါင်း၏ ၂၃ ရာခိုင်နှုန်းခန့် ဆုံးရှုံးနေ သည်ဟု ပြည်ထောင်စုလွှတ်တော်သို့ နိုဝင်ဘာ ၇ ရက်တွင် တင်သွင်းသည့် ဥပဒေကြမ်း ပူးပေါင်းကော် မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါအစီရင်ခံစာသည် ပြည်ထောင်စုလွှတ်တော်သို့ နိုင်ငံတော်သမ္မတ ပေးပို့ထားသည့် အာရှဖွံ့ဖြိုး ရေးဘဏ်မှ အတိုးနှုန်းသက်သာသော ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၆၀ ဖြင့် လျှပ်စစ်ဓာတ်အားဖြန့် ဖြူးရေးကွန်ရက်များ တိုးတက်ကောင်းမွန်ရန် ဆောင်ရွက်ရေး သ၀ဏ်လွှာအပေါ် ဥပဒေကြမ်း ပူးပေါင်း ကော်မတီက သုံးသပ် အစီရင်ခံခြင်းဖြစ်သည်။

ထိုသို့ ဓာတ်အားပျောက်ဆုံးမှုသည် ၁၉၉၀-၉၁ ခုနှစ်တွင် ၃၅ ရာခိုင်နှုန်းကျော်အထိရှိခဲ့ပြီး ၂၀၁၂-၂၀၁၃ ခုနှစ်တွင် ၂၂ ဒသမ ၉၈ ရာနှုန်းအထိ လျှော့ချနိုင်ခဲ့ကြောင်း သ၀ဏ်လွှာတွင် ဖော်ပြထားသည်။ ဓာတ် အားပျောက်ဆုံးမှုများကို လျှော့ချနိုင်ရန် ထရန်စဖော်မာအသစ်များ တိုးချဲ့တပ်ဆင်ခြင်း၊ ဟောင်းနွမ်းနေ သော ဓာတ်အားလိုင်းကြိုးများကို အသစ်လဲလှယ်တပ်ဆင်ခြင်းတို့ ဆောင်ရွက်မည်ဟု အစီရင်ခံစာ၌ဖော် ပြသည်။

အကြီးတန်းလျှပ်စစ်အင်ဂျင်နီယာ ဦးလှမြင့်ကမူ ဓာတ်အားပျောက်ဆုံးရသည့် အကြောင်းများတွင် ဓာတ် အားလိုင်းကြိုးများရှိ ကြိုးဆက်ထုံးများနှင့် ဓာတ်အားလိုင်းပေါ်သို့ ကျရောက်နေသည့် သစ်ပင်သစ်ကိုင်း များကို ရှင်းလင်းရန်လိုသည်ဟု အကြံပြုသည်။ ထို့ပြင် “မီတာတွေ မှန်မှန်ကန်ကန် လည်ဖို့လိုတယ်။ ဓာတ်အားခိုးယူသုံးစွဲမှုတွေ ပပျောက်ဖို့ပါမှာပေါ့၊ ဒါတွေကို လူက ထိန်းလို့ရတယ်။ လူက ကြပ်မတ်လေ ပျောက်ဆုံးမှု လျော့ကျလေပဲ”ဟု ၎င်းက သုံးသပ်သည်။

အာရှဖွံ့ဖြိုးရေးဘဏ်မှ ကျွမ်းကျင်ပညာရှင်များကလည်း မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှု များကို လျှော့ချနိုင်ရန် ၂၀၁၂ -၂၀၁၃ ခုနှစ်၌ ဓာတ်အား အများဆုံးသုံးစွဲသည့် ရန်ကုန်၊ မန္တလေးနှင့် စစ် ကိုင်းတိုင်းတို့တွင် ထရန်စဖော်မာအသစ်များ တိုးချဲ့တပ်ဆင်ခြင်း၊ ဟောင်းနွမ်းဓာတ်ကြိုးများ လဲလှယ် ခြင်းတို့ ဆောင်ရွက်သင့်ကြောင်း အကြံပြုထားသည်ဟု ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာတွင် ပါဝင် သည်။

ထို့ကြောင့် ယင်းသို့ ဓာတ်အားပျောက်ဆုံးမှုများကို လျှော့ချနိုင်ရန် ၂၀၁၄ ခုနှစ်မှ စတင်၍ ၂၀၁၈ ခုနှစ် နှစ်ကုန်အတွင်း လျှပ်စစ်ဓာတ်အားခွဲစက်ရုံ ၂၈၁ ခုနှင့် ဓာတ်အားလိုင်းသစ် ၈၃၀ ကီလိုမီတာကျော်နှင့် ဒီ ဂျစ်တယ်မီတာအလုံးရေ ခြောက်သောင်းခန့် တပ်ဆင်သွားမည်ဟု သမ္မတက ပြည်ထောင်စု လွှတ်တော် သို့ ပေးပို့သည့် သ၀ဏ်လွှာတွင် ဖော်ပြထားသည်။

ပြည်ထောင်စုလွှတ်တော်ကလည်း အဆိုပါလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် အာရှဖွံ့ဖြိုးရေးဘဏ်မှ အ တိုးနှုန်းသက်သာသည့် ချေးငွေဖြင့် အမေရိကန်ဒေါ်လာ သန်း ၆၀ ချေးယူ ဆောင်ရွက်ခွင့်ကို နိုဝင်ဘာ ၇ ရက်တွင် ကျင်းပသည့် အစည်းအဝေး၌ အတည်ပြုခဲ့သည်။ ထိုသို့ ဓာတ်အားဖြန့်ဖြူးမှုစနစ် တိုးတက် ကောင်းမွန်ရေးစီမံကိန်း ဆောင်ရွက်ပြီးစီးပါက ဓာတ်အားပျောက်ဆုံးမှုကို လေးရာခိုင်နှုန်း လျှော့ချနိုင် မည်ဟု ခန့်မှန်းထားကြသည်။

အေးချမ်းမွန် Credit To > Mizzima - News in Burmese https://www.facebook.com/excellencemedia

Post a Comment

 
Top