0


နန်းလွင်နှင်းပွင့်| သောကြာနေ့၊ နိုဝင်ဘာလ ၈ ရက် ၂၀၁၃ ခုနှစ်

ဘားအံ၌ ဒီဇင်ဘာလတွင် ဒုတိယအကြိမ် ထပ်မံပြုလုပ်မည့် တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးတွင် ဖယ်ဒရယ်ပြည်ထောင်စုတပ်မတော် ဖြစ်ပေါ်လာရေးကို တိုင်းရင်းသားအဖွဲ့အစည်း အားလုံးတို့က အဓိကထား ဆွေးနွေးရန် စီစဉ်ထားသည်ဟု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်း ဆောင်အချို့က ဆိုသည်။

“ကျွန်တော်တို့ တိုင်းရင်းသားတွေက ဖယ်ဒရယ်ပြည်ထောင်စုကို လိုချင်လို့ အသက်တွေ နှစ်ကာလတွေ စတေးခဲ့ရတာ အများကြီးပါ။ ဖယ်ဒရယ်ဆိုတာမျိုးကို လုပ်ပေးဖို့ အခွင့်အလမ်းမတွေ့ရဘူး အဲ့တော့ ကျွန် တော်တို့ တိုင်းရင်းသားတွေဘက်ကလည်း ထပ်ပြီး ဆွေးနွေးရဦးမယ်”ဟု မဇ္ဈိမကို ပြောသည်။

ဆွေးနွေးပွဲကို ဒီမိုကရေစီအကျိုးပြု ကရင်ဗုဒ္ဓဘာသာတပ်မတော် DKBA ကလို့ထူးဘော စစ်ဌာနချုပ်က အဓိက ပံ့ပိုးပြုလုပ်သွားမည်ဖြစ်ပြီး ကရင်အမျိုးသားအစည်းအရုံး KNU နှင့်လည်း ညှိနှိုင်းသွားမည်ဟု DKBA မှ ပြောရေးဆိုခွင့်ရှိသူများက ဆိုသည်။

တိုင်းရင်းသားတို့က တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး လတ်မှတ်ရေး ထိုးရာတွင် ဗမာတပ်မတော်၊ ကရင်တပ်မတော်၊ ကချင်တပ်မတော် စသည်ဖြင့် တိုင်းရင်းသားအသီးသီး ပါဝင်သည့် ဖယ်ဒရယ်ပြည်ထောင်စု တပ်မတော်တစ်ခု ဖွဲ့စည်းရန် လိုလားသော်လည်း အစိုးရန်နှင့် ညှိ နှိုင်းမှု မပြေလည်သေးဟုလည်း ယင်းတို့က ပြောသည်။

“အစိုးရဘက်က ကန့်ကွက်တယ်လို့ရယ်လို့တော့ တိုက်ရိုက်မပြောပေမယ့် သူတို့ဘက်က ၂၀၀၈ဖွဲ့စည်း ပုံနဲ့ ကိုင်ပေါက်နေတယ်၊ ဖယ်ဒရယ်တပ်မတော်ကို တည်ထောင်လို့ရမှာ မဟုတ်ဘူးဆိုပြီး ကျွန်တော်တို့ တိုင်းရင်းသားတွေက ၂၀၀၈ ဖွဲ့စည်းပုံကို ဘယ်လိုမှ ယုံကြည်လို့မရပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံဆိုတာက လူထုတွေလက်ခံပြီး ဖြစ်လာတာလည်း မဟုတ်ဘူး၊ တိုင်းရင်းသားတွေ သဘောထားလည်း မပါဘူး” ဟု ကလို့ထူးဘောစစ်ဌာနချုပ်အခြေစိုက် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးစောဆန်းအောင်က မဇ္ဈိမကို ပြောသည်။

ဘားအံမြို့တွင်ပြုလုပ်မည့် ဆွေးနွေးပွဲသည် အဖွဲ့အားလုံး တက်ရောက်မည်ဟု ကတိက၀တ်ပြုထား သည့် အခြေအနေတွင်သာ ရှိနေသေးပြီး အတိအကျ စီစဉ်ထားခြင်းမျိုး မဟုတ်သေးဟု ကလို့ထူးဘော စစ်ဌာနချုပ်အခြေစိုက် ကော့ကရိတ်မြို့တာဝန်ခံ ဗိုလ်ကြီးစောကျော်သက်က ပြောဆိုသည်။

“ကျွန်တော်တို့ အသက်တွေပေးပြီး ထိန်းသိမ်းလာခဲ့တဲ့ ကရင့်လက်နက် ကရင့်လက်ထဲမှာရှိရမယ်ဆိုတဲ့ ခံယူချက်မျိုးတွေက တိုင်းရင်းသားတိုင်းမှာ ရှိတာပဲ။ ဒါတွေကို လျစ်လျူရှုလို့မရဘူး ခံယူချက်တွေကို ဖျောက်ပစ်လို့မရဘူး”ဟု ဗိုလ်ကြီးစောကျော်သက်က ဆိုသည်။

တိုင်းရင်းသားတို့၏ တောင်းဆိုချက်များ ဆွေးနွေးပွဲကျင်းပခြင်းများသည် ပြည်ထောင်စုမှ ခွဲထွက်လိုခြင်း အလျဉ်းမပါဝင်ဘဲ ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ထောင်ရန်ကိုသာ ဦးတည်သည်ဟု ယင်းတို့က အာမခံသည်ဟုလည်း ပြောဆိုကြသည်။

တိုင်းရင်းသားခေါင်းဆောင်များ၏ ပထမအကြိမ်ဆွေးနွေးပွဲကို နိုဝင်ဘာလကုန်၌ ကချင်ပြည်နယ် လိုင်ဇာ မြို့တွင် နှစ်ရက်တာ ပြုလုပ်ခဲ့ပြီး အစိုးရက ကမ်းလှမ်းထားသည့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ် အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရန်ကိစ္စကို နိုင်ငံရေးအရ ဆွေးနွေးရန် အာမခံချက်များရှိမှသာ ဖြစ်နိုင် မည်ဟု ဆုံးဖြတ်ခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့ခေါင်းဆောင်များ၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ၊ တစ်နိုင်ငံလုံး အပစ်ရပ်ညှိနှိုင်းရေးအဖွဲ့တို့ မြစ်ကြီးနားမြို့၌ နိုဝင်ဘာ ၄ ရက်မှစတင်၍ နှစ်ရက်ကြာ ဆွေးနွေးခဲ့သော် လည်း ဆုံးဖြတ်ချက်တစ်စုံတရာ ရရှိခဲ့ခြင်း မရှိခဲ့ပေ။

အေးချမ်းမွန် Credit To >Mizzima - News in Burmese https://www.facebook.com/excellencemedia

Post a Comment

 
Top