0


Created on Thursday, 07 November 2013 23:47

ဥရောပသမဂ္ဂ (EU) က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များကို ကာကွယ်ရေး ချပ်ဝတ်စုံများ ထောက်ပံ့မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲမှူးချုပ် သူရဘိုနီက ပြောကြားသည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များကို ဥရောပသမဂ္ဂ၏ စံချိန်နှင့်အညီ ဖြည့်ဆည်းပေးသွားမည့် အပိုင်းမှာ အဓိကရုဏ်း နှိမ်နှင်းမှုတွင် ၀တ်ဆင်မည့် ချပ်ဝတ်များကို ဖြည့်ဆည်း တပ်ဆင်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကုလသမဂ္ဂမှ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များကို အဓိကရုဏ်း နှိမ်နှင်းရာတွင် နိုင်ငံတကာ စံနှုန်းများနှင့်အညီ ကိုင်တွယ်ဖြေရှင်းရန် နိုဝင်ဘာ ၄ ရက်မှစပြီး သင်တန်းပို့ချနေကြောင်း ပြည်ထဲရေး ၀န်ကြီးဋ္ဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်ထံမှ သိရသည်။

ရဲမှူးချုပ်သူရဘိုနီက ''ရဲတွေကို လေ့ကျင့်တဲ့ အပိုင်းကို သုံးပိုင်းခွဲပြီး ဆောင်ရွက်သွားမှာပါ။ ပထမတစ်ပိုင်းကတော့ Front Management ကိုလေ့ကျင့်မယ်။ ဒုတိယကတော့ Community Policy ဆိုတဲ့ အပိုင်းကို ရန်ကုန်တိုင်းထဲမှာ ရှိနေတဲ့ မြို့နယ်တစ်ခုခုမှာ လက်တွေ့ ပြည်သူလူထုနဲ့ရဲနဲ့ ပေါင်းပြီးတော့ ပိုပြီးတော့ကောင်းမွန်တဲ့ လုံခြုံရေး၊ နောက်ပြီးတော့ တရားဥပဒေ စိုးမိုးရေးကို ဘယ်လိုဆောင်ရွက်မလဲ ဆိုတဲ့ဟာကို သူတို့ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက Community Policy နဲ့ လိုက်လျောညီထွေတဲ့ နိုင်ငံတကာ အဆင့်မီတဲ့ ရဲလုပ်ငန်းစနစ်ကို အတည်ပြုပြီးပြီဆိုရင် ထုတ်ပြန်ပြီးတော့ တစ်ပြိုင်နက် ဆောင်ရွက်သွားမယ်။ ရဲတပ်ရင်းတွေက အရာရှိတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ တပ်ရင်းတစ်ရင်းလုံးကို လေ့ကျင့်မှာ ဖြစ်ပါတယ်။ နောက်ရဲတပ်ရင်းပေါင်း ၁၀ ရင်း လေ့ကျင့်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ မြို့နယ်တွေ၊ တိုင်းနှင့် ပြည်နယ်တွေ အားလုံးက ဆင့်ပွားသင်တန်းတွေကတော့ တစ်ပြည်လုံး အတိုင်းအတာအထိ ဒီလိုပုံစံအတိုင်းပဲ ဆောင်ရွက်သွားဖို့၊ အဲဒီလို လေ့ကျင့်တာနဲ့အညီ ကျွန်တော်တို့ရဲ့ သုံးစွဲတဲ့ ရဲအဆောင်အယောင် တွေကလည်း EU & JY Standard အတိုင်း သူတို့တပ်ဆင် ပေးသွားမှာ ဖြစ်ပါတယ်'' ဟု ပြောကြားသည်။

ဆက်လက်၍ ''ဒီမိုကရေစီ အစိုးရဖွဲ့စည်း ပေါ်ပေါက်လာတဲ့ အခါမှာ ရဲလုပ်ငန်းဟာ ပိုပြီးတော့ များပြားလာပါတယ်။ များပြားလာတဲ့အတွက် အားလုံးစနစ်တကျ လုပ်ဆောင်နိုင်အောင် ရဲတပ်ဖွဲ့ကိုလည်း တိုးချဲ့ဖွဲ့စည်းသလို၊ နိုင်ငံတကာ အဆင့်မီ ရဲတပ်ဖွဲ့ဖြစ်အောင် ဆောင်ရွက်နေပါတယ်'' ဟု ပြောကြားသည်။

''ဥရောပသမဂ္ဂက ရဲတပ်ရင်း ၁၀ ရင်း မှာရှိတဲ့ တပ်ဖွဲ့ဝင်တွေကို အီးယူရဲ့ စံချိန်နဲ့အညီ ချပ်ဝတ်စုံ (ကာကွယ်ရေး) တွေကို ထောက်ပံ့သွားပါမယ်'' ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဋ္ဌာနချုပ်မှ ရဲမှူးကြီး ကိုကိုအောင်က နိုဝင်ဘာ ၇ ရက်တွင် ပြောကြားသည်။

သံတွဲပဋိပက္ခ ဖြစ်စဉ်တွင် လုံခြုံရေး ဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်တစ်ဦး (ဓာတ်ပုံ- ၀င်းမြင့်ကျော်)

အေးချမ်းမွန် Credit To >Eleven Media Group https://www.facebook.com/excellencemedia
http://ayechanmon-news1.blogspot.com/

Post a Comment

 
Top