0
(နိုဝင်ဘာလ ၂၇ ရက်နေ့ထုတ် The Voice နေ့စဉ်သတင်းစာ မျက်နှာဖုံးနှင့် Editorial)

စွမ်းရည်

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းတွင် ရှေ့မှ မားမားရပ်ကာ စိန်ခေါ်နေသည့် အင်္ဂလိပ်ဘာသာဖြင့် Capacity ခေါ် စွမ်းရည်ကို အလဲထိုးနိုင်မှသာ ဖွံ့ဖြိုးရေး ပန်းတိုင်သို့ မြန်မြန်ဆန်ဆန် ရောက်မည်ဖြစ်သည်။

တည်နေရာ၊ သဘာဝသယံဇာတ၊ ကမ္ဘာ၏ မကြုံစဖူး စိတ်ဝင်စားမှု စသော အားသာချက် များစွာ ပိုင်ဆိုင်ထားသော်လည်း “စွမ်းရည်” ပိုင်းတွင် အားနည်းချက် ကြီးမားစွာ ရှိကြောင်းကို ပြည်ပကရော ပြည်တွင်းကပါ ပိုပြီး ရိပ်စားသိရှိလာပြီ ဖြစ်သည်။

လုပ်နိုင်ကိုင်နိုင်စွမ်းရည်တွင် နိမ့်ကျနေ သောကြောင့် အခြားနိုင်ငံမှ တစ်ယောက် လုပ်နိုင်သည့် အရာကို မိမိလူ ငါးယောက်ဝိုင်းလုပ်လျှင်ပင် မရလျှင် လုပ်ခဈေးသက်သာသည် ဆိုသော သဘောတရားမှာ ယုံတမ်းစကားသာ ဖြစ်ပေလိမ့်မည်။

စွမ်းရည်ဟု ဆိုလိုက်ရာတွင် တစ်နိုင်ငံလုံးရှိ လူသားများ၏ စွမ်းရည် ဖြစ်လေရာ နိုင်ငံကို ဦးဆောင်မည့် နိုင်ငံတော်ယန္တရား၏ စွမ်းရည် (State Capacity) နှင့် အစိုးရ၏ ပျော့ကွက်များကို ဝင်ကူ ထောက်မရသည့် ပုဂ္ဂလိကကဏ္ဍ တို့၏ စွမ်းရည် (Private Sector Capacity) နှစ်ရပ်လုံးသည် အခြားဖွံ့ဖြိုးဆဲ အိမ်နီးချင်း နိုင်ငံများနှင့် ယှဉ်လျှင်ပင် များစွာနောက်ကျကျန် ခဲ့သည်ကို ထင်ထင်ရှားရှား မြင်နိုင်သည်။

ပညာရေးစနစ် အားနည်းခြင်းသည် Capacity ပြဿနာ၏ အဓိကရင်းမြစ် တစ်ခု ဖြစ်သောကြောင့် စတင်ကုစားနေပြီ ဖြစ်သော်လည်း နောက် ဆယ်နှစ်၊ နှစ်နှစ်ဆယ်မှ အကျိုးခံစားရမည် ဖြစ်သောကြောင့် အခြားရေတိုကုထုံး များဖြင့် အပူတပြင်း စတင်ကုသရမည်။

Meritocracy ခေါ် တော်သူတတ်သူအလိုက် နေရာပေးခြင်း၊ အစိုးရဌာန များတွင် ပြင်ပပညာရှင် များကို အကြံပေးသဘောဖြင့် လစာရိက္ခာ ပြင်ပနှင့် တန်းတူပေး ငှားရမ်းခြင်း၊ လုပ်ငန်းဌာန အလိုက် လုပ်ချင်ကိုင်ချင်လာအောင် မက်လုံး အမျိုးမျိုး စဉ်းစားတီထွင်ခြင်း တို့ဖြင့် Capacity ပြဿနာကို မြန်မြန်ဆန်ဆန် ကိုင်တွယ်နိုင်ပါသည်။

ထိပ်ဆုံးမှ ပုဂ္ဂိုလ်ကြီးများ ကိုယ်တိုင်က “စွမ်းရည်” ကိစ္စကို အပြောသာ မဟုတ်ဘဲ နေ့ညမဟူ စဉ်းစားသုံးသပ်ပြီး မြှင့်တင်ပေးနေမှသာ အဆင့်ဆင့်သော သူများကလည်း အမှန်တကယ် အရေးထားပြီး လိုက်ပါပြောင်းလဲ စွမ်းရည်တက်ရန် ကြိုးစားလာ ပါလိမ့်မည်။

ပြုပြင်ပြောင်းလဲရေး၏ ကဏ္ဍအသီးသီးကို ဦးဆောင်ရသူများ၊ အကောင်အထည် ဖော်ရသူများ၏ “စွမ်းရည်” တက်မလာလျှင် ပြုပြင်ပြောင်းလဲရေး အိပ်မက်ကို မေ့လိုက်ရန်သာ ရှိပါသည်။

အယ်ဒီတာ (၂၆.၁၁.၂၀၁၃)


အေးချမ်းမွန် Credit To >The Voice Weekly
2

Post a Comment

 
Top