(ဆောင်းပါးရှင် - မောင်တင်ဦး (မြောင်းမြ) )
ကုန်ဈေးနှုန်း
ကုန်ဈေးနှုန်းဆိုတာ နိစ္စဓူဝ လူတွေနဲ့ ထိတွေ့နေရတဲ့ အသက်ရှင်သန်နေသော သက်မဲ့ပါ။ သာမန်အားဖြင့် ကုန်ဈေးနှုန်းက အသက်မရှိပါဘူး။ သက်မဲ့ပါ။ ဒါပေမဲ့ သူက တစ်နေ့တစ်မျိုး ပြောင်းလဲနေတတ်ပါတယ်။ သူ့မှာ အသက်ရှင်နေသလိုပါပဲ။ လူတွေကို အမြဲတမ်း ခြိမ်းခြောက်နေပါတယ်။
တစ်နေ့တစ်မျိုး မရိုးစေရပါဘူး။ ဆန်တစ်ပြည် ၆၅ ပြား၊ ဘဲဥတစ်လုံး ၁၅ ပြား ခေတ်ကနေ ဆန်တစ်ပြည် ကျပ်တစ်ထောင်ကျော်၊ ဘဲဥတစ်လုံး ကျပ်တစ်ရာကျော်ခေတ်ကို ရောက်လာပါတယ်။
ဒီလိုငွေကြေးဖောင်းပွပြီး ကုန်ဈေးနှုန်း ကြီးရအောင် ထိုကာလများက ဈေးကွက်တွေ အားလုံးဟာ ဘယ်သူ့ချုပ်ကိုင်မှုအောက်မှာ ရှိနေခဲ့လဲ။ ပုဂ္ဂလိက အခန်းကဏ္ဍမရှိခဲ့တဲ့ ဗဟိုချုပ်ကိုင်မှုအောက်က ဈေးကွက်ကို ဘယ်သူမှ ရုန်းထွက်လို့ မရပါဘူး။
ပြည်သူ့ဆိုင်ခေတ်တုန်းက ကုန်ဈေးနှုးန်းဟာ ပြည်သူ့ဆိုင်က သတ်မှတ်ဈေးနှုန်းနဲ့ ၀ယ်ရပါတယ်။ မ၀ယ်ချင်ချင် ၀ယ်ချင်ချင် ကြော်ငြာသင်ပုန်းမှာ ကပ်ထားတဲ့ ဈေးနှုန်းနဲ့ ၀ယ်ရပါတယ်။ တစ်ခါတလေ အိမ်တိုင်းမှာ အသုံးဝင်တဲ့ ပေါ်ပလင်ပိတ်ဖြူဝယ်ချင်ရင် လူတွေမလိုချင်တဲ့ ထမင်းစားပန်းကန်ပြားနဲ့ တွဲဝယ်ရပါတယ်။ ဘယ်သူမှ ရွေးချယ် ၀ယ်ယူလို့ မရပါဘူး။ ဆိုင်တာဝန်ခံနဲ့ ကြီးကြပ်ရေး ကော်မတီဝင်တွေကတော့ တစ်မျိုးပေါ့။
ဈေးကွက်စီးပွားရေးစနစ် မကျင့်သုံးခင် ဆိုရှယ်လစ် စီးပွားရေး စနစ်အောက်က ကုန်ဈေးနှုန်းဟာ အာဏာရှင် လက်ဝေခံ ဗဟိုဦးစီးစနစ်အရ ဗဟိုတစ်ခုတည်းက ချုပ်ကိုင်ခြယ်လှယ်ခဲ့တာပါ။
ဒါဖြင့် ကုန်ဈေးနှုန်းတက်တာ ဘာကြောင့်ဆိုတာ ထင်ရှားလာပါမယ်။
ပွင့်လင်းမြင်သာ ဒီခေတ်မှာ
နိုင်ငံတကာမှာ ကုန်ဈေးနှုန်းတစ်ခုခု တက်ဖို့ လျော့ဖို့ဆိုတာ တော်တော်လေး အချေအတင် ဒီဘိတ်လုပ်၊ ငြင်းကြ၊ ခုံကြ၊ ပြောကြ၊ ဆိုကြပြီး အကျိုးအကြောင်း ခိုင်လုံမှ တက်လို့ချလို့ ရပါတယ်။ ကုန်ဈေးနှုန်းဟာ ကလေးတစ်ယောက်မုန့်ဖိုးမှ မီးစာကုန် ဆီခန်းဖြစ်လာတဲ့ လူအိုများအထိ တိုက်ရိုက် သက်ဆိုင်နေပါတယ်။ ကလေးကို မုန့်လျှော့စားခိုင်းလို့ မရပါဘူး။ အာဟာရချို့တဲ့လာတဲ့ လူအိုကြီးကို အာဟာရမပြည့်စုံတဲ့ အစားအစာတွေ မကျွေးသင့်ပါဘူး။
ကုန်ဈေးနှုန်းဟာ လူတစ်ဦးစီ ထားရှိတဲ့ စေတနာတွေကို ခန်းခြောက်စေပါတယ်။ ဒီလိုမျိုး မဖြစ်ရအောင် ပွင့်လင်းမြင်သာပါပြီဆိုတဲ့ ဒီခေတ်ထဲမှာ ကုန်ဈေးနှုန်း အတက်အကျ ကိစ္စကလည်း ပွင့်လင်းမြင်သာမှု ရှိရပါမယ်။ အထူးသဖြင့် အိမ်ပေါက်စေ့အထိ ၀င်ရောက်စီးမျောနေတဲ့ လျှပ်စစ်မီတာခနှုန်းထားဟာ ပိုလို့ မြင်သာမှု ရှိရပါမယ်။ ခုချိန်မှာ နိုင်ငံတော် ထိပ်ပိုင်းပုဂ္ဂိုလ်တွေ မကြာခဏ ပြောပြောနေသလို ပြည်သူတွေ ရွေးကောက်ထားတဲ့ ပြည်သူ့ အစိုးရနဲ့ လွှတ်တော်တွေ ရှိပြီလို့ ဆိုထားပါတယ်။
ပြည်သူ့ကိုယ်စား လွှတ်တော်ကို လျှပ်စစ်မီတာခ တိုးကောက်ယူဖို့ သဘောထား တောင်းခံခဲ့ကြပါရဲ့လား။ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ၀န်ကြီးဌာနဟာ ယခင်အာဏာရှင် အစိုးရလက်ထက်ကလို မည်သူ့ခွင့်ပြုချက်မှ ရယူခြင်းမရှိဘဲ မိမိဌာန တစ်ခုတည်းရဲ့ သဘောထားအတိုင်း လုပ်ပိုင်ခွင့်ရှိပါသလား။ ပြည်သူတစ်ရပ်လုံးနဲ့ သက်ဆိုင်နေတဲ့၊ အိမ်ပေါက်စေ့ ရောက်နေတဲ့၊ လျှပ်စစ်မီတာခ တက်လာတာကို ပြည်သူ့ကိုယ်စားလှယ်တွေက မသိကျိုးကျွန် ပြုနေမှာလား။ လက်ပိုက် ကြည့်နေမှာလား။ ပြည်သူ့ ကိုယ်စားလှယ်တွေမှာ တာဝန်ရှိပါသလားဆိုတဲ့ မိမိဘာသာ တာဝန်ယူချင်စိတ် တာဝန်သိစိတ်နဲ့ ပြောသင့်တာ ပြောပေး၊ တားသင့်တာ တားပေး၊ ညှိသင့်တာ ညှိပေး လုပ်မပေးကြတော့ဘူးလား။ ပြည်သူတွေ ဘယ်သူ့ကို အားကိုးရမှာလဲ။
ဆင်းရဲမွဲတေမှုရဲ့ သားကောင်တွေဖြစ်တဲ့ တစ်နေ့လုပ်တစ်နေ့စား အလုပ်သမားများရဲ့ တစ်နေ့လုပ်ခ သတ်မှတ်ရေး အတွက်ကျတော့ ချက်ချင်းအမိန့်ထုတ်ပြန် သတ်မှတ်မပေးဘဲ သုတေသနပြုဆဲဆိုကာ အချိန်ဆွဲ ထားတာ တွေ့ရပါတယ်။ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဥပဒေအကြံပေး၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ပုဂ္ဂိုလ်က အနည်းဆုံး အခကြေးငွေဥပဒေအရ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ရေး အမျိုးသားကော်မတီ ဖွဲ့စည်းခွင့်ရဖို့ သမ္မတရုံးကို တင်ထားတာ ခွင့်ပြုချက် မရသေးပါဘူး။ (သမ္မတရုံးက ခွင့်ပြုချက် မရမချင်း ဒီလိုပဲ ငတ်တစ်လှည့် ပြတ်တစ်လှည့် နေကြပါဦးလို့ ဆိုသလေများ ဖြစ်နေလား။) အမျိုးသားအဆင့် အနိမ့်ဆုံးလုပ်ခ လစာသတ်မှတ်ရေး ကော်မတီကမှ အလုပ်သမားတွေရဲ့ ရသင့်ရထိုက်တဲ့ သင့်လျော်တဲ့ လုပ်ခလစာကို သတ်မှတ်ပေးမှာပါ။ လက်ရှိအချိန်မှာတော့ သုတေသနပညာရှင် ဒေါက်တာဇော်ဦးက စက်ရုံတွေကို မေးခွန်းလွှာပို့ပြီး သုတေသန လုပ်နေတဲ့အဆင့်ပဲ ရှိပါသေးတယ်။ တွေးစရာ တစ်ခုအဖြစ် တွေးကြည့်မိပါတယ်။
အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ (ပြည်ထောင်စု ၀န်ကြီးများမှ ညွှန်ချုပ်၊ ညွှန်မှူး၊ မြို့နယ်ဦးစီးမှူးအထိ) ဟာ ပြည်သူတွေ စဉ်းစားရာမှာ သူတို့ရဲ့ အုပ်ချုပ်ခံများလို တစ်ဖက်သတ်အမြင် ရှိနေပုံရပါတယ်။ အုပ်ချုပ်ရေးပိုင်း လုပ်ချင်တာဆိုရင် ချက်ချင်း လုပ်လို့ရနေသလို သူတို့မလုပ်ချင်သေးရင် ကော်မတီဖွဲ့ကြ (ကော်မတီမှာလည်း သူတို့ချည်းပဲ၊ တစ်ဖွဲ့မှာ ဌာနတစ်ခုမှ ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌလုပ်၊ နောက်တစ်ဖွဲ့မှာ နောက်ဌာန တစ်ခုမှ ပြည်ထောင်စုဝန်ကြီး ဥက္ကဋ္ဌပြောင်းလို့။ တစ်လှည့်စီ နေရာပြောင်းယူ နေကြတာပါ။) ကော်မတီ အစည်းအဝေးတွေထိုင်ကြ၊ နောက်ရက် ပြန်ချိန်းကြ၊ အစည်းအဝေးတစ်ခုနဲ့တစ်ခု လနဲ့ချီကြာပြီး ပြည်သူတွေ အာရုံပြောင်းသွားအောင် လုပ်တတ်ကြတာဟာ အစိုးရ အုပ်ချုပ်ရေးပိုင်းမှာ တာဝန်ရှိသူတိုင်း လုပ်တတ်တဲ့ အကျင့်ဖြစ်နေပြီလား။ အမျိုးသား ညီလာခံကို သူတို့ စိတ်ကြိုက် လူတွေရွေး၊ တင်းကျပ်တဲ့ ဥပဒေတွေထုတ်၊ သူတို့ပါဝင်စေချင်တဲ့ ဥပဒေတွေကို ပုဒ်မတို့ဖြစ်အောင် ဖန်တီး အချိန် ကြာချင်သလောက် ကြာအောင် (ပြည်သူတွေ နိုင်ငံရေး အသိသေသွားအောင်) စိတ်တိုင်းကျ လုပ်ကိုင်ပြီး ၁၅ နှစ်ကြာသောအခါ (ကိုရီးယား ဇာတ်လမ်းတွဲ ထဲကလိုပဲ) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ (နာဂစ်မုန်တိုင်း တိုက်တိုက် မတိုက်တိုက်၊ ပြည်သူတွေ ကြိုက်ကြိုက် မကြိုက်ကြိုက်) သည် ပြည်သူ့ထောက်ခံမှု ၉၂ ရာ ခိုင်နှုန်းကျော်ဖြင့် တစ်ခဲနက် အတည်ပြုခဲ့ပါလေသည်တဲ့။
ပွင့်လင်းမြင်သာစွာ ရေးရရင် ပြည်သူ့အတွက် တကယ်တမ်း စဉ်းစားပါရဲ့လား။ ငဲ့ကွက်ပါရဲ့လား။ စာနာပါရဲ့လား။ စင်စစ် ပြည်သူဆိုတာ အစိုးရနဲ့ အုပ်ချုပ်သူတို့ စီမံခန့်ခွဲမှုအတိုင်း လိုက်ပါစီးမျောရတာပါ။
အခုလည်း လျှပ်စစ်မီတာတက်ပြီ။ ပြည်သူတွေက ပွစိပွစိပြောပြီ။ ပြောတော့ရော ဘာထူးလာသလဲ။ အစိုးရက တက်မယ်ဆို တက်မှာပါပဲ။ သိကြားမင်းဆင်းတားလည်း မရပါဘူး ဆိုတာမျိုးပါ။ ရိုးသားစွာ အလုပ် လုပ်ကိုင်စားသောက်နေသူရဲ့ အနိမ့်ဆုံးလုပ်ခ လစာတိုးပေးဖို့ သုတေသန ပြုနေရုံရှိသေး ပင်စင်စား လစာတိုးပေးတာ ခုထိလက်ထဲ မရောက်သေးချိန်၊ လျှပ်စစ်မီတာခက နှစ်ဆ တိုးလိုက်ပါပြီ။
နားမလည်ခင်က ကုန်ဈေးနှုန်းတက်တာ ကန်စွန်းရွက်သည်ကြောင့်၊ ငါးသည်ကြောင့်၊ ဆန်ရောင်းသူကြောင့်၊ ကုန်စုံဆိုင်ရှင်ကြောင့် ဒီလိုမျိုး တွေးခဲ့မိပါတယ်။
စင်စစ် မြန်မာနိုင်ငံဟာ ၁၉၆၂ ခုနှစ်ကစလို့ ဗဟိုဦးစီးချုပ်ကိုင်တဲ့ စနစ်ကို နယ်ပယ်စုံမှာ ကျင့်သုံးလာတာ ခုထိ ခေါက်ရိုးကျိုး ကျင့်သုံးဆဲပဲ ဖြစ်ပါတယ်။ ဘာပဲလုပ်လုပ် ဗဟိုချုပ်ကိုင်မှုနဲ့သာ လုပ်ကိုင်ရတဲ့ နိုင်ငံဖြစ် ပါတယ်။
ရှေးဆောင်းပါးများမှာ ရေးခဲ့သလို ဈေးတက်ချင်ရင် မက်လုံးတစ်ခုခုပေး၊ ဒါပေမဲ့ ကျိုးကြောင်းတစ်ခုခုပြ (ဆီလျော်သည်ဖြစ်စေ၊ မဆီလျော်သည်ဖြစ်စေ) ပြီး ဈေးတက် ယူလိုက်တာပါပဲ။ ဒါက တော်သေးတယ် ပြောရမှာပါ။
တစ်ခါ စီအင်န်ဂျီဓာတ်ငွေ့ဈေးကို ဆယ်ဆမက တက်ယူလိုက်လို့ ဘတ်စ်ကားခတွေ ကျပ် ၂၀ မှ ကျပ် ၂၀၀ အထိတက်သွားပြီး အတော်လေး ပြည်သူတွေ ဂယက်ရိုက်စေခဲ့ပါတယ်။ လောင်စာဆီအတွက် ဆန္ဒပြမိကြတဲ့ ပြည်သူတွေလည်း ထောင်ထဲ ရောက်သွားကြပါတယ်။ အဲဒီတုန်းက ဈေးတက်ပုံ တက်နည်းကလည်း မှတ်သား လောက်ပါတယ်။ စီအင်န်ဂျီဓာတ်ငွေ့ဆိုင်မှာ ဂတ်စ်ထည့်ဖို့ စောင့်နေတဲ့ ကားတွေကို ချက်ချင်း ဆိုင်ကို(ခဏ) ပိတ်တယ်ဆိုကာ ဆိုင်ပိတ်လိုက်ပါတယ်။ အတန်ကြာ (အချိန်အတိအကျ မမှတ်မိ)မှ ဆိုင်ပြန်ဖွင့်ပြီး ဂတ်စ်ဈေး တက်လိုက်ပြီဆိုကာ တန်းစီထားတဲ့ ကားတွေ တက်ဈေးနဲ့ ဂတ်စ်ထည့်ခဲ့ရပါတယ်။
ဈေးတက်လို့ ဒီဆိုင်မထည့်ရင် ဘယ်ဆိုင်မှာ သွားထည့်ရမှာလဲ။ ဂတ်စ်ဆိုင်တိုင်းမှာ ထည့်ချင်သလို ထည့်လို့မရပါဘူး။ ထည့်ချင်သလောက် ထည့်လို့မရပါဘူး။ ဗဟိုက ချုပ်ကိုင်ထားတဲ့အတိုင်း ဂတ်စ်စာအုပ်မှာ ပေးထားတဲ့ ဆိုင်မှာပဲ ထည့်ရမှာ သတ်မှတ်ပြီးသားပါ။ ကားသမားတွေစိတ်ထဲ ဘယ်လိုခံစားပြီး ဂတ်စ်ထည့်နေမလဲဆိုတာ တွေးသာကြည့်ပါတော့။
ဗဟိုဦးစီးစနစ်ကို ဖျက်ပစ်ရမယ်
အစစအရာရာ ဗဟိုက ချုပ်ကိုင်ထားရတဲ့ စနစ်အောက်က နိုင်ငံမှာ ကုန်ဈေးနှုန်းကလည်း ဗဟိုက စီမံတဲ့အတိုင်း ဖြစ်ပေါ်လာတာဆိုတာ နောက်ကျမှ နားလည်မိပါတယ်။ ကန်စွန်းရွက်သည်ကြောင့် မဟုတ်ဘူး။ ကုန် စုံဆိုင်က ကြီးတော်ကြောင့် မဟုတ်ဘူးဆိုတာ အကြိမ်ကြိမ် ခံလိုက်ရမှ သိလာရပါတယ်။တော်ကြာ ဟိုဟာ အကြောင်းပြလိုက်၊ ဒီဟာ အကြောင်းပြလိုက်နဲ့ နောက်ဆုံး ဆိုက်လိုက်တဲ့ဘူတာက ကုန်ဈေးနှုန်း ဘူတာကိုပဲ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါတော့တယ်။
လျှပ်စစ်မီတာခတက်တာ ဗဟိုက ချုပ်ကိုင်ပြီး သတ်မှတ်လိုက်တယ်ဆိုတာ ထင်ရှားနေပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်သူလူထုအား အသိပေး ရှင်းလင်းပြောကြားခြင်းမရှိဘဲ လျှပ်စစ်မီတာခများ တိုးမြှင့်ခဲ့ရခြင်းမှာ အာဏာရှင်စနစ်၏ အငွေ့အသက်မကုန်သေးသည့် လုပ်ရပ်ဖြစ်သည်လို့ နိုဝင်ဘာ ၄ ရက်က နေပြည်တော်ဝင်းအတွင်း မီဒီယာများနဲ့ တွေ့ဆုံစဉ် ပြောကြားလိုက်ပါတယ်။
ဘာဖြစ်လို့ ဒီလိုမျိုး ပြည်သူတွေကို မပြောမဆို နားလည်အောင် မစည်းရုံးဘဲ ဈေးနှုန်း တက်ပစ်လိုက်ရတာလဲ။ ဘာအကြောင်းတွေများ ရှိနေပါသလဲ။ ၁၉၆၂ ခုနှစ်ကတည်းက ပျိုးထောင်ရှင်သန်လာတဲ့ ဗဟိုဦးစီးစနစ် အပင်ကြီးဟာ နှစ်ကာလ ရှည်ကြာလာတာနဲ့အမျှ မြေမှာ အမြစ်တွယ်လာတာ စွဲမြဲနေပါပြီ။ ထို့အတူ ဗဟိုဦးစီးစနစ်အောက်မှာ ကြီးပွားလာတဲ့၊ ရာထူးကြီးကြီးရလာတဲ့ သြဇာအာဏာ ရလာတဲ့ သူတွေရဲ့အသိထဲ၊ လုပ်ရပ်ထဲ၊ ရင်ထဲမှာလည်းပဲ ဗဟိုဦးစီးအမြစ်တွေ ကင်ဆာဆဲလ်လို တွယ်နေပါပြီ။ အမြစ်တွယ်နေကြောင်းလည်း လုပ်ရပ်တွေ၊ ဖြစ်ရပ်တွေ၊ စီမံအုပ်ချုပ်ပုံတွေက မကြာခဏ ထုတ်ဖော်ပြသနေပါပြီ။
ကုန်ဈေးနှုန်းမတက်အောင် ကုန်ဈေးနှုန်းကို လက်နက်တစ်ခုလို ကိုင်တွယ်ကစားနေကြတဲ့ ဗဟိုဦးစီးစနစ်၊ အဲဒီ ဗဟိုဦးစီးစနစ်ကို ဖက်တွယ်ကျင့်သုံးနေကြတဲ့ ပုဂ္ဂိုလ်တွေကို (၁) ဗဟိုဦးစီးစနစ်ကို ကျင့်သုံးရမယ့် ခေတ်မဟုတ်ကြောင်း၊ ပြည်သူဗဟိုပြုခေတ် ဖြစ်လာကြောင်း အသိတရားဝင်လာအောင် လုပ်ပေးရပါမယ်။ (၂) ဒီလိုမျိုးအသိ တရားတွေကို လက်မခံနိုင်သူများကို ဖယ်ရှားသင့် ဖယ်ရှားပစ်ရပါမယ်။ (၃) ဗဟိုဦးစီးစနစ်ရော၊ ဗဟိုဦးစီးစနစ် ဖက်တွယ်နေသူများကို အပြီးတိုင် ဖျက်သိမ်းပစ်ရပါမယ်။
ဒါမှသာ နောင်တစ်ချိန် ကုန်ဈေးနှုန်း တက်တာကို ပြည်သူကို ဂရုမစိုက် လုပ်ချင်သလို လုပ်လို့မရအောင် တားဆီးနိုင်မှာ ဖြစ်ပါတယ်။ သို့မဟုတ် ဗဟိုကဆင်းလာတဲ့ အမိန့် အာဏာတွေကို ကန့်သတ်ပေးနိုင်မယ့် အခြေအနေ မရှိသရွေ့၊ အာဏာရှင် ဆန်နေသေးသရွေ့ ကုန်ဈေးနှုန်း ကိစ္စသာမက အခြားအခြားသော ကိစ္စမှာလည်း ပြည်သူတွေ အတားအဆီးမဲ့ ခါးစည်းခံနေရဦးမှာ အသေအချာ ဖြစ်ပါကြောင်း။
(ကုန်စုံဆိုင်တစ်ဆိုင်ကို တွေ့ရစဉ် (ဓာတ်ပုံ)အောင်မျိုးသန့်)
အေးချမ်းမွန် Credit To >Eleven Media Group
http://ayechanmon-news1.blogspot.com/
Post a Comment