0

(ဝါလကင်းလွတ် သီတင်းကျွတ်)

သီတင်းကျွတ်...
ဗုဒ္ဓ၏ တပည့်သား ရဟန်းသံဃာများတို့သည် ဝါဆိုလပြည့်ကျော် ၁ရက်နေ့မှ သီတင်းကျွတ်လပြည့်နေ့အထိ ဝါတွင်းသုံးလ ကာလလုံးတွင် မိမိတို့သတင်းသုံးနေထိုင်ရာ ကျောင်းတိုက်တော်မှ အရပ်တပါးသို့ မထွက်ခွါရ။ ခရီးမသွားရဟု ဗုဒ္ဓက ဆရာ ဒါယကာ နှစ်ဦးစလုံးတို့၏ အကျိုးစီးပွါးအလို့ငှါ တားမြစ် ပညတ်တော်မူခဲ့သည်။

သို့အတွက်ရဟန်းသံဃာတို့သည်မိမိနှင့်သပ္ပါယ်ရာ ကျောင်းအရပ်တစ်ခုခုတွင် ဝါတွင်းသုံးလ ပတ်လုံး နေထိုင်သီတင်းသုံး၍ ပရိယတ် ၊ ပဋိပတ် လုပ်ငန်းများကို တစိုက်မတ်မတ် ကျိုးပမ်းဆောင်ရွက်နိုင်ကြတော့သည် ။
သီတင်းကျွတ်လပြည့်နေ့သည် ရဟန်းသံဃာတို့အဖို့ ဝါတွင်းတစ်ခုလုံး မိမိနေထိုင်ရာ ကျောင်းအရပ်မှ မထွက်ရ ဟူသော ပညတ်တော်မှ ကင်းလွတ်ခွင့်ရသော နေ့ဖြစ်သဖြင့် `ဝါလကင်းလွတ် သီတင်းကျွတ်' ဟု တင်စားခေါ်ဝေါ်ခဲ့ကြသည်။

သီတင်းကျွတ်လပြည့်တွင် ဝါလကင်းလွတ်ပြီဖြစ်သော ရဟန်းသံဃာတို့သည် နီးစပ်ရာ သံဃာ ပရိသတ်တို့ စုပေါင်းလျက် ပဝါရဏာပွဲ ဆင်နွှဲကြသည်။အရှင်မြတ်တို့ဘုရား တပည့်တော်၏ ကာယကံ ဝစီကံ မနောကံ အပြစ်တို့ကို မြင်ခဲ့သော် ကြားခဲ့သော် သံသယရှိခဲ့သော် ပြောဆိုဆုံးမပါ ဘုရားဟု' ရဟန်းတပါးဆီမှ သံဃာတော်ထံသို့ ၃ကြိမ်တိုင်တိုင် ဖိတ်မန်မှုကို ပဝါရဏာဟု ခေါ်သည်။

ထိုပဝါရဏာပွဲအပြီး ဒေသအသီးသီး၌ သီတင်းသုံးတော်မူကြသော ရဟန်းတို့သည် မြတ်ဗုဒ္ဓ သီတင်းသုံးရာ သာဝတ္ထိမြို့က ဇေတ၀န်ကျောင်းစသည်တို့ကို သွားရောက်၍ ဘုရားဖူးကြ၏။ ၀ါတွင်းသုံးလပတ်တွင်လည်းမိဘလည်းဖြစ်ဆရာလည်းဖြစ်တော်မူသော မြတ်ဗုဒ္ဓဘုရားရှင်ကိုဖူးမြောပူဇော်ခွင့်မရသဖြင့်ဝါလကင်းလွတ်သီတင်းကျွတ်တွင် သွားရောက်၍ဖူးမြော်ကြရပေသည်။နာကြောင်းသာကြောင်းမေးမြန်းလျက် မိမိရရှိထားသောတရားထူးတရားမြတ်တို့ကိုလည်း ပြောဆို လျှောက်ထားခွင့်ရကြပေသည်။

ထိုသို့ ရဟန်းတော်တို့ ဘုရားဖူးခြင်း ၊ ဘုရားကို ပူဇော် ကန်တော့ခြင်းတို့ကို နှလုံး သွင်းလျက် ဗုဒ္ဓဘာသာ ၀င်တို့သည်လည်း မိမိတို့၏ ဘိုးဘွားမိဘ ဆရာသမား တို့အား သီတင်းကျွတ်လတွင် အပြစ်ဝန်ချတောင်းပန်လျက် ပူဇော်ကန်တော့ခြင်းများ ပြုလုပ်ကြပေသည်။

မြတ်ဗုဒ္ဓသည် ၇ ၀ါမြောက်တွင် တာဝတိံသာ နတ်ပြည်မှာ ၀ါကပ်တော်မူ၍ မယ်တော် မိနတ်သားအမှူးရှိသော နတ်ဗြဟ္မာ အပေါင်းတို့အား အဘိဓမ္မာဒေသနာကို ဟောကြားတော်မူလေသည်။ဝါတွင်းသုံးလပတ်လုံး အဘိဓမ္မာဒေသနာကို ဟောကြားတော်မူပြီး၍ သီတင်းကျွတ်လပြည့်တွင် သင်္ကဿနဂိုမြို့ သို့ ပြန်လည်ကြွချီတော်မူသည်။ထိုလပြည့်နေ့ ညဥ့်ဦးယံအချိန်တွင် မြို့သူမြို့သားတွေက ပန်း ၊ မီးရှူး ၊ ဆီမီးရောင်စုံတို့ဖြင့် ထွန်းညှိပူဇော်လျက် စည်ကားသိုက်မြိုက်စွာ ပူဇော် ကြိုဆိုခဲ့ကြသည်။


ထိုအချိန်မှ အစပြုကာ ဗုဒ္ဓဘာသာဝင်တို့သည် နှစ်စဉ် မြတ်ဗုဒ္ဓ နတ်ပြည်မှ လူ့ပြည်သို့ ဆင်းကြွတော်မူခြင်းကို ရည်မှန်းလျက် သီတင်းကျွတ်လပြည့်တွင် ဆီမီးတိုင် ရောင်စုံ မီးများဖြင့် ထွန်းညှိပူဇော်ပွဲ ဆင်နွှဲ ကြသည်။

တဆက်တည်းမှာပင်မိမိတို့၏ ဘိုးဘွားမိဘ ၊ ဆရာသမား တို့ကို ကန်တော့ဝန်ချလျက် လှူဖွယ်တန်းဖွယ်တို့ဖြင့် ပူဇော်လှူဒါန်းမှုပြုကြပေသည်။မိဘ ဘိုးဘွား ဆရာသမားတို့ကလည်း အနာတပိဏ် သူဌေးကြီးက သားငယ်မောင်ကလေးအား တရားတစ်ပုဒ် နာယူပြီးချိန်တွင် ငွေတစ်ထောင်စီပေး၍ ဆုချသည့်ထုံးကို နှလုံးမူ၍ မိမိတို့၏ တပည့်သားသမီးတို့အား တန်ပြန်ဆုချသည့်အလား မုန်းဖိုးငွေများ ပေးသနားလျှက် ကောင်းချီးပေး ဆုချခြင်းမှာ ဗုဒ္ဓဘာသာဝင်တို့အဖို့ မရိုးနိုင်သော ထူးခြားလှသော အစဉ်အလာကောင်းပင်ဖြစ်ပေသည်.....။

post by နှင်းဆီဖူးလေးများ-Love BUDS
https://www.facebook.com/loveBUDS.6

အေးချမ်းမွန် Credit To >နှင်းဆီဖူးလေးများ-Love BUDShttps://www.facebook.com/excellencemedia

Post a Comment

 
Top