0


Jude Jude Family၊ Thint Myat Public Holding ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင်ကို တာဝန်ရှိသူများက ခေါ်ဆောင်လာစဉ်

ကျပ်သိန်းပေါင်း သောင်းချီ လိမ်လည်မှုနှင့် ပတ်သက်၍ Jude Jude Family၊ Thint Myat Public Holding ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင် ဦးရွှေမိုးစက်ကို ရာဇသတ်ကြီးပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့် ဖမ်းဆီးထားပြီး ကုမ္ပဏီပိုင်ရှင် ဒေါ်သက်သက်မြိုင် (ခ) ဂျူးဂျူးအား ဖမ်းဝရမ်း ထုတ်ထားကြောင်း ရန်ကင်းမြို့မရဲစခန်းမှ သိရသည်။

“ပုဒ်မ ၄၂၀ နဲ့ ဖွင့်ထားတယ်။ ပ နံပါတ် က ၅၇၈/၂၀၁၇ နဲ့”ဟု ရန်ကင်းမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ Jude Jude Family၊ Thint Myat Public Holding ကုမ္ပဏီရုံး တည်ရှိရာ ဆီဒိုးနားဟိုတယ်သို့ ရှယ်ယာဝင်များက နိုဝင်ဘာ ၃၀ ရက်တွင် သွားရောက်ရှင်းလင်းရာ တိကျသည့်ဖြေရှင်းမှု မရရှိခဲ့ဘဲ ကုမ္ပဏီဒါရိုက်တာအဖွဲ့ဝင် ဦးရွှေမိုးစက်ကို တာဝန်ရှိသူများက ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။
“ဖုန်းတွေ ဆက်တာလည်း ဆက်လို့မရဘူး။ သူ့ရုံးခန်းကို လိုက်သွားတော့ ရုံးမှာ ဒါရိုက်တာ ရွှေမိုးစက် ရှိတယ်။ သူကလည်း မသိဘူးပဲ ငြင်းတယ်။ အဲဒါနဲ့ သူ့အဖေဆီ ဖုန်းဆက်တော့လည်း ပဲခူးဘက်ကို ရောက်နေလို့ လာရှင်းပေးမယ်ပြောပြီး နောက်ပိုင်း ထပ်ပြီး ဆက်သွယ်တော့ ဆက်သွယ်လို့ မရတော့ဘူး။ သူတို့နေတဲ့ အိမ်ကိုလည်းသွားတော့ ပိတ်ထားတယ်။ အဲဒီကိုပြောင်းလာတာလည်း မကြာသေးဘူးလို့ သိရတယ်” ဟု ရှယ်ယာရှင်တစ်ဦးက ပြောကြားသည်။

Jude Jude Family၊ Thint Myat Public Holding ကုမ္ပဏီ၏ ပိုင်ရှင် ဒေါ်သက်သက်မြိုင် (ခ) ဂျူးဂျူးသည် အစုအစပ်လုပ်ငန်း လုပ်ကိုင်မည်ဟု ဆိုကာ ရှယ်ယာများ ဖိတ်ခေါ်ပြီး ရှယ်ယာရှင်များအား ရှင်းလင်းပေးခြင်း မရှိဘဲ တိမ်းရှောင်နေခြင်း ဖြစ်ကြောင်း ရှယ်ယာရှင်များထံမှ သိရသည်။

ရှယ်ယာရှင်များသည် အဆိုပါ ကုမ္ပဏီတွင် ရှယ်ယာထည့်ဝင်ငွေ အနည်းဆုံး ကျပ်ငါးသိန်းမှစပြီး အများဆုံး ကျပ်သိန်း ၂၀၀၀ အထိ ရှိကြောင်း ရှယ်ယာရှင်များ၏ ပြောကြားချက်အရ သိရသည်။

ရှယ်ယာထည့်ဝင်သူများအတွက် ကျပ်ငါးသိန်းမှ ကျပ်သိန်း ၄၀ အထိ ရှယ်ယာထည့်ဝင်လျှင် ရာခိုင်နှုန်း ၃၀၊ ၄၁ သိန်းမှ သိန်း ၉၀ ထိ ထည့်ဝင်လျှင် ၂၅ ရာခိုင်နှုန်း၊ ၉၁ သိန်းအထက် ထည့်ဝင်လျှင် ရာခိုင်နှုန်း ၂၀ အမြတ်အစွန်း ရရှိမည်ဖြစ်ကြောင်း၊ အမြတ်အစွန်းများကို တစ်လတစ်ကြိမ် ထုတ်ယူခွင့်ရှိပြီး သုံးလပြည့်ပါက ရှယ်ယာငွေကို ပြန်လည် ထုတ်ယူနိုင်ကြောင်း စသည့်အချက်များဖြင့် ရှယ်ယာခေါ်ယူခြင်း ဖြစ်ကြောင်း ရှယ်ယာရှင်များထံမှ သိရသည်။

Jude Jude Family၊ Thint Myat Public Holding ကုမ္ပဏီတွင် ရှယ်ယာထည့်ဝင်သူ ပြည်တွင်း/ပြည်ပမှ လူဦးရေ ၁၅၀၀ ကျော်ခန့် ရှိကြောင်း ထို့ပြင် လက်လီလက်ကား ရောင်းဝယ်ရေးလုပ်ငန်း၊ ဖက်ရှင်ဆိုင်၊ ကျောက်စိမ်းနှင့် ကျောက်မြတ်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ ကိတ်မုန့် ကော်ဖီဆိုင်များ၊ အလှပြင်ဆိုင်၊ စတူဒီယိုနှင့် မင်္ဂလာဝန်ဆောင်မှုလုပ်ငန်း၊ ကားရေဆေးဆီထိုးလုပ်ငန်း စသည်လုပ်ငန်းများ လုပ်ကိုင်မည်ဟုဆိုကာ ရှယ်ယာဝင်များအား ဖိတ်ခေါ်ခဲ့ကြောင်း ရှယ်ယာဝင်များ၏ ပြောကြားချက်အရ သိရသည်။

“အစ်မတို့က ရှယ်ယာပါတာတော့ အခုမှ တစ်လခွဲ နှစ်လလောက်ပဲ ရှိသေးတယ်။ အစ်မတို့ သိတဲ့အချိန်မှာ အစ်မတို့နဲ့ ရင်းနှီးတဲ့သူတွေက ဂျူးဂျူးက စိတ်ချရတယ်၊ ဘယ်ဆိုင်ဖွင့်တော့မှာ၊ ဘာတွေလုပ်တော့မှာ ဆိုပြီး အတိုးမှန်တယ်ပေါ့။ ရက်မကျော်ဘူးပေါ့၊ အချိန်တန်ရင် ပေးတယ်ပေါ့၊ စာချုပ်က သုံးလချုပ်တယ်၊ သုံးလပြည့်ရင် အရင်းပါ ပြန်ထုတ်လို့ ရတယ်ဆိုပြီးပြောတဲ့အခါကျတော့ သုံးလဆိုတော့ အဝေးကြီးလည်း မဟုတ်ဘူး။ ကိုယ့်အရင်း ပြန်ကျေနိုင်တယ်လေ။ ၁၀ သိန်းထည့်ရင်တောင် သုံးသိန်းရတယ် ဆိုတော့ အစ်မတို့ မိန်းကလေးအတွေးနဲ့ကျတော့ အစ်မတို့ ၀န်ထမ်းလစာတောင် တစ်လသုံးသိန်း မရဘူး။ အဲဒီတော့ အစ်မတို့က ထည့်မိတယ်။ ထည့်မိတဲ့ အခါကျတော့ အဲဒီအချိန်ကတည်းက ကံဆိုးမိုးမှောင်ကျပြီး တစ်ပြားမှ မရခဲ့ဘူး။ ရှယ်ယာ စထည့်တာက ၁၀ လပိုင်းက ထည့်တာပါ။ အတိုးနှုန်းကလည်း တစ်ပြားမှ မရသေးပါဘူး။ ရှယ်ယာဝင်တွေက ဦးရေ ၁၅၀၀ ကျော်တယ်။ အနည်းဆုံး ငါးသိန်းကနေ ရှယ်ယာကြိုက်သလောက် ၀င်လို့ရတယ်” ဟု ရှယ်ယာရှင်တစ်ဦးက ပြောကြားသည်။

ထို့ပြင် သင်္ဃန်းကျွန်းမြို့မရဲစခန်းတွင်လည်း ၎င်းတို့အား ရှယ်ယာထည့်သွင်းထားသူများက ပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့်ထားကြောင်း အမှုဖွင့်ထားသူများ၏ တရားလွှတ်တော်ရှေ့နေ ဦးနေစည်သူကျော်က ပြောကြားသည်။

“အမှုက ဖွင့်ထားတာ ပြီးခဲ့တဲ့ အပတ်ကတည်းကပါ။ အခုတော့ ဆောင်ရွက်ဆဲအဆင့်ပေါ့။ သိသလောက်ဆိုရင် သင်္ဃန်းကျွန်းမှာ ကျွန်တော့်အမှုသည်တွေကလွဲရင် ဘယ်သူမှ အမှုမဖွင့်ထားဘူး။ အားလုံးပေါင်း ငါးယောက်ကို အမှုဖွင့်ထားပါတယ်”ဟု ဦးနေစည်သူ ကျော်က ပြောကြားသည်။

ထိုသို့ အမြတ်ငွေ ရရှိမည်ဟုဆိုကာ လိမ်လည်ခဲ့သည့် ကုမ္ပဏီမှာ ယခင်က တာမွေမြို့နယ်တွင် ဖွင့်လှစ်ခဲ့ပြီး လွန်ခဲ့သည့် တစ်လခန့်မှ စတင်၍ ဆီဒိုးနားဟိုတယ်တွင် အခန်းငှားရမ်းကာ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၃၀ ရက် နေ့လယ်မှစ၍ ယင်းကုမ္ပဏီတွင် အစုရှယ်ယာဝင်ထားသူများက ငွေကြေးများ ပြန်လည်ပေးအပ်ရန် ဟိုတယ်ရှိ ကုမ္ပဏီရုံးခန်းသို့ သွားရောက်ကာ တောင်းဆိုခဲ့သော်လည်း ဖြေရှင်းပေးခဲ့ခြင်း မရှိပေ။

ထို့ကြောင့် ကုမ္ပဏီရုံးခန်းရှိ ပစ္စည်းများအား ယူဆောင်ခြင်း၊ ကုမ္ပဏီ၏ ဒါရိုက်တာ ရွှေမိုးစက်ထံမှ ကျပ် ၆၅ သိန်းအား ခွဲဝေယူခဲ့သည့် ဖြစ်စဉ်များရှိခဲ့ပြီး ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍ သတိထားဆောင်ရွက်ရန် လိုအပ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးနေစည်သူကျော်က ပြောကြားသည်။

“ဥပဒေအတိုင်း ဆက်လက် လုပ်ဆောင်သွားမှ အဆင်ပြေမယ့်သဘော ရှိတယ်။ အခုလို လုပ်မယ်ဆိုလို့ရှိရင် ဥပဒေအရ ကြည့်ရင် ကိုယ့်ဘက်က ကျူးကျော်သလို ဖြစ်သွားလိမ့်မယ်။ ကျန်တဲ့ ရှယ်ယာရှင်တွေကို ပြောချင်တာက တရားဥပဒေအတိုင်းပဲ သွားတာ အကောင်းဆုံးပဲ”ဟု ၎င်းက သုံးသပ်ပြောကြားသည်။


writer: အောင်ထက်ခိုင်၊ စည်သူ

(http://news-eleven.com/headline/23615)

Post a Comment

 
Top