0

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် ပန်းတောင်း-တောင်ကုတ်တောင်ကြားလမ်း ညောင်ကျိုးစစ်ဆေးရေး ဂိတ်အနီး ဆီပေပါခွံများထဲတွင် ထည့်သွင်း သယ်ဆောင်လာသော WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ သန်းကို ဒီဇင်ဘာ ၁၀ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရခိုင်ပြည်နယ်သို့ ပို့ဆောင်ရန် FAW (SKAT) အမျိုးအစား ဆီတင်ယာဉ်ပေါ်၌ ပေပါများဖြင့် မူးယစ်ဆေးဝါးမျာကို ထည့်ယူသယ်ဆောင်လာခြင်းဖြစ်ပြီး ၁ ပေပါအား ရေတွက်ကြည့်ရာတွင် ဆေးပြား ၁၀ သိန်းခန့်ပါရှိ၍ စုစုပေါင်း ပေပါ ၁၄ လုံးတွင် ဆေးပြားပေါင်း ၁၄ သန်ခန့်ရှိမည်ဟု ခန့်မှန်းပြီး ရေတွက်စစ်ဆေးဆဲဖြစ်ကြောင်း သိရှိရသည်။
ယာဉ်နှင့်အတူဖမ်းဆီးရမိသူ ယာဉ်မောင်းဝင်းကျော်ဦး(ခ)ကျော်ကျော်(၃၆နှစ်) ပန်းတောင်းမြို့နယ်ညောင်ခြေထောက်ရွာ၊ ၎င်းနှင့်ယောက်ဖတော်စပ်သူ ချစ်ဖွယ် (၄၆နှစ်) ရတနာပုံရပ်ကွက် ဥသျှစ်ပင်၊ သက်ဝင်းအောင်(၃၁နှစ်) တောင်လယ်ရွာ ပေါက်ခေါင်းနေသူတို့ကို WY စာတမ်းပါ မူးယစ်ဆေးဝါးများထည့်ထားသော ၁ ပေပါလျှင် ဆေးပြား ၁ သောင်းဝင် အထုပ်
၁၀၀ စီနှင့် ပေပါ ၁၄ လုံး ဒီဇယ်ပေပါ ၃ လုံး စုစုပေါင်းပေပါ ၁၇ လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ပစ္စည်းစုဆောင်းထားသူ ပန်းတောင်းမြို့နယ် စမ်းပက်လက်စခန်း တဲအိမ်စုနေ ခင်ဇော်ဦးအား ထပ်မံဖေါ်ထုတ်ဖမ်းဆီးရမိပြီး စုစုပေါင်းတရားခံလေးဦး ဖမ်းဆီးရမိထားကြောင်း ရဲမှတ်တမ်းများအရသိရှိရသည်။
အမှုကို ဥသျှစ်ပင်နယ်မြေရဲစခန်းနှင့်ခရိုင်အထူးအဖွဲ့တို့မှ ဆက်လက်စစ်ဆေးလျှေက်ရှိကြောင်း သတင်းရရှိပါသည်။
ထန်းထန်း(မဲဇလီ)

Post a Comment

 
Top