ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကမ်းတလျှောက်တွင် အများပြည်သူဈေးဝယ်နိုင်ရန်နှင့် အပန်းဖြေနိုင်ရေးအတွက် အများပြည်သူပိုင်နေရာ (Public Area) အဖြစ် သတ်မှတ်ရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
''မြို့ပြသာယာရေး၊ သွားလာမှုလွယ်ကူရေးအတွက် မြို့တွင်းလမ်းဘေး ဈေးသည်တွေကို တရားဝင်အဖြစ် ကမ်းနားလမ်းတွေမှာ ညဈေး၊ နံနက်ဈေး ရောင်းချခွင့်ပေးထားတယ်။ နောက် ဆိပ်ကမ်းတလျှောက်ကိုလည်း အများပြည်သူ အပန်းဖြေနိုင်အောင် (Public Area) သတ်မှတ်ပေးသွားမယ်။ ဆိပ်ကမ်းမှာရှိတဲ့ ဂိုဒေါင်တွေကို လည်း ဈေးဆိုင်များဖွင့်ပေးပြီး တဆင့်ပြီးတဆင့်တိုးတက်အောင် ဆောင်ရွက်သွားဖို့ စီစဉ်ထားတယ်'' ဟု ၎င်းက ပြောသည်။
ရန်ကုန်မြို့တော်ခန်းမ၌ ၂၀၁၆ ဒီဇင်ဘာလ ၈ ရက်ကပြုလုပ်သည့် “သက်ဝင်လှုပ်ရှား ရန်ကုန်မြို့၏လမ်းမများ” အစီအစဉ်နှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးဖြိုးမင်းသိန်းက အထက်ပါအတိုင်း ပြောကြားခဲ့သည်။
ရန်ကုန်မြို့တော် မြို့ပြစည်ပင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုကောင်းမွန်သော မဟာဗျူဟာတရပ်ချမှတ်၍ အကောင်အထည်ဖော်ရန် စီစဉ်ဆောင်ရွက်နေပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ မြို့ပြဖွံ့ဖြိုးတိုးတက်မှုအတွက် စည်းကမ်းလိုက်နာရန်လိုအပ်ကြောင်းနှင့် အစိုးရဘက်မှ လုပ်ဆောင်ပေးရမည့် အရာများကိုဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောကြားခဲ့သည်။
''ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် အကောင်းဆုံးဆောင်ရွက်ပေးနေသော်လည်း စည်းကမ်း မလိုက်နာ မှုများရှိနေပြီး ဈေးသည်တွေ၊ ကားသမားတွေအနေနဲ့ ဘာကြောင့် ဆန္ဒပြနေကြတယ်ဆိုတာ နားမလည်နိုင်ဘူး။ ဒီမိုကရေစီအရ ဆန္ဒပြသင့်ပါတယ်။ သူတို့အတွက် အခွင့်အလမ်းတွေ စီစဉ်ပေးထားတယ်။ စည်းကမ်း လိုက်နာအောင်တော့ စည်းရုံးသွားမှာပါ'' ဟု ၀န်ကြီးချုပ်က ပြောကြားခဲ့သည်။
ရန်ကုန်မြို့တွင်းခရီးသည်တင်ယာဉ် လိုင်းပေါင်း ၃၀၀ ကျော်အနက် ၆၀ သာ ထားရှိမည်ဖြစ်ကြောင်းနှင့် ကျောင်းရှေ့ ဖြူနီကျားပေါ်တွင် ကိုယ်ပိုင်ကားများ ပါကင်ထိုးထားခြင်းများရှိနေခြင်းကြောင့် ကျောင်းကြိုပို့ကားများနှင့်သာလျှင် ကျောင်းတက်ခွင့်ရှိစေရေး အစီအစဉ်ရေးဆွဲထားကြောင်း ဦးဖြိုးမင်းသိန်းက ပြောသည်။
စည်းကမ်းလိုက်နာစေရန်အတွက် ပြည်သူများအား နားလည်စေရန် အသိပေးစည်းရုံးသွားမည်ဖြစ်ပြီး နောက် ပိုင်းတွင် လိုက်နာမှုမရှိသူများကို စည်ပင်သာယာရေး ဥပဒေဖြင့် ထိထိရောက်ရောက် အရေးယူဆောင်ရွက် မည်ဖြစ်ကြောင်း ယခုနှစ်အတွင်း၌ သိမ်ကြီးဈေး၊ မင်္ဂလာဈေးတို့ကို အဆင့်မြင့်ပြန်လည်တည်ဆောက်သွားမည် ဖြစ်ပြီး ရန်ကုန်ရှိဈေးပေါင်း ၁၇၆ ဈေးအနက် တကြိမ်လျှင်ဈေးပေါင်း ၂၀ ကို အဆင့်မြှင့်တင်သွား မည်ဖြစ်ကြောင်း ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
ကျော်ကျော်
Post a Comment