ဆေးလိပ်ကင်းစင် နယ်မြေအဖြစ် သတ်မှတ်ထားသည့် ဗဟိုအမျိုးသမီး ဆေးရုံကြီးကို တွေ့ရစဉ်
မြန်မာနိုင်ငံ၌ ဈေးကွက်အတွင်း တရားဝင် ရောင်းချနေသည့် စီးကရက် အမျိုးအစားပေါင်း ၆၀ ကျော်ရှိပြီး ပြည်ပမှ တရားမ၀င် တင်သွင်း ရောင်းချနေသည့် စီးကရက်မှာ ရာခိုင်နှုန်း ၂၀ ခန့်ရှိကြောင်း ပြည်သူ့ ကျန်းမာရေး ဖောင်ဒေးရှင်းမှ သိရသည်။
မြန်မာနိုင်ငံ အပါအ၀င် အာရှပစိဖိတ် ဒေသများတွင် တရားမ၀င် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများ ထုတ်လုပ် ရောင်းချမှု မြင့်မားနေပြီး တရားမ၀င် ကုန်သွယ်နေသည့် စီးကရက် အလိပ်ရေပေါင်း ဘီလျံ ၃၀၀ နီးပါး ရှိနေကြောင်း သိရသည်။
၁၉၉၀ ပြည့်နှစ်မှ ၁၉၉၁ ခုနှစ် အထိ စီးကရက် aဆးရွက်ကြီးထွက် ပစ္စည်းများအပေါ် ကောက်ခံခဲ့သည့် ကုန်သွယ် လုပ်ငန်းခွန် နှုန်းထားများအရ စီးကရက်အပေါ် ကောက်ခံသည့် အခွန်မှာ ၁၂၅ ရာခိုင်နှုန်းအထိ ရှိခဲ့ကြောင်း၊ ၁၉၉၁ ခုနှစ်မှ ၂၀၁၁ ခုနှစ် အထိ စီးကရက် အပေါ် ကောက်ခံသည့် အခွန်မှာ ၇၅ ရာခိုင်နှုန်းသို့ ပြန်လည် လျော့ကျသွားပြီး ၂၀၁၂ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း ၁၀၀ ရာခိုင်နှုန်းသို့ တိုးမြှင့်ခဲ့ကြောင်းနှင့် လက်ရှိ ၂၀၁၅ နှစ်ဆန်းပိုင်းမှ စတင်ကာ စီးကရက်အပေါ် ကောက်ခံသည့် အခွန်နှုန်းထားကို ရာခိုင်နှုန်း ၁၂၀ အထိ တိုးမြှင့်ထားကြောင်း ပြည်တွင်းအခွန် ဦးစီးဌာနမှ သိရသည်။
လက်ရှိ ၂၀၁၅ ခုနှစ်တွင် စီးကရက် ဆေးရွက်ကြီးထွက် ပစ္စည်းများ အပေါ် ကောက်ခံလျက် ရှိသည့် ကုန်သွယ်လုပ်ငန်းခွန် နှုန်းထားများမှာ စီးကရက်ကို ရာခိုင်နှုန်း ၁၂၀ ကောက်ခံထားပြီး အခြားဆေးရွက်ကြီးထွက် ပစ္စည်းများဖြစ်သည့် ဆေးရွက်ကြီး၊ ဗာဂျီးနီးယား ပေါင်းတင်ပြီး ဆေး၊ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်နှင့် ဆေးတံ အမျိုးမျိုး၊ ဆေးတံ သောက်ဆေးများနှင့် ကွမ်းစားဆေး အမျိုးမျိုးတို့ အပေါ် ရာခိုင်နှုန်း ၆၀ ကောက်ခံလျက် ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အခွန်လွတ်၊ အခွန်ရှောင် ထုတ်လုပ်နေသည့် စီးကရက် စက်ရုံများစွာ ရှိနေပြီး အခွန် သက်မှတ်ရာတွင် စက်ရုံထွက် တန်ဖိုး (Ex-Factory) ကိုသာ အခြေခံ ကောက်ယူခြင်းကြောင့် မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများ အပေါ် ကောက်ခံသည့် အခွန်နှုန်းထားများ နည်းပါးနေခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် စီးကရက်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများအပေါ် အခွန်ကောက်ခံခြင်းကို ကိုလိုနီခေတ် အတွင်းက The Cigarettes Duty Act, 1931 ဖြင့် စီးကရက် ထုတ်လုပ်မှု အပေါ် ကောက်ခံခဲ့ခြင်း ဖြစ်ပြီး လွတ်လပ်ရေး ရရှိပြီးနောက် စီးကရက်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်း အခွန်ကောက်ခံမှုအား ဥပဒေများ အဆင့်ဆင့် ပြဋ္ဌာန်း၍ ကောက်ခံခဲ့ကြောင်း၊ ယင်းသို့ ကောက်ခံရာတွင် ၁၉၂၂ ခုနှစ် အမြတ်ခွန် အက်ဥပဒေ၊ ၁၉၄၉ ခုနှစ် အထွေထွေ ရောင်းခွန် အက်ဥပဒေ၊ ၁၉၅၂ ခုနှစ် ရောင်းခွန် အက်ဥပဒေ၊ ၁၉၇၄ ခုနှစ် ၀င်ငွေခွန် ဥပဒေ၊ ၁၉၇၆ ခုနှစ် ကုန်စည်နှင့် ၀န်ဆောင်မှုခွန် ဥပဒေ၊ ၁၉၇၆ ခုနှစ် အမြတ်ခွန် ဥပဒေ၊ ၁၉၉၀ ပြည့်နှစ် ကုန်သွယ် လုပ်ငန်းခွန် ဥပဒေနှင့် ၂၀၁၄ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေတို့ဖြင့် ကောက်ခံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်း အနေဖြင့် မြန်မာနိုင်ငံရှိ ဆေးနှင့် နှီးနွှယ် ဆေးတက္ကသိုလ် ၁၈ ခုတွင် ဆေးလိပ်ကင်းစင် စံပြနယ်မြေများ အဖြစ် ယခု ၂၀၁၆ ခုနှစ်မှစ၍ စတင် လုပ်ဆောင်ရန် လုပ်ဆောင်လျက် ရှိကြောင်း ယင်းကဲ့သို့ ဆောင်ရွက်ရန် လက်ရှိတွင် ဆေးတက္ကသိုလ် အသီးသီးနှင့် ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း သိရသည်။

Writer:
Post a Comment