0

Published on Sun, 01/03/2016

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ်ထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ/ရှမ်းပြည် တပ်မတော် (RCSS/SSA) နှင့် အစိုးရ တပ်မတော်တို့အကြား ဒီဇင်ဘာ ၃၁ ရက် မွန်းလွဲပိုင်းက ရှမ်းပြည်နယ် မိုင်းပြင်း မြို့နယ်၌ တိုက်ပွဲဖြစ်ပွားခဲ့ရာ တိုက်ပွဲများ ထပ်မံမဖြစ်ပွားရေးအတွက် အောက်ခြေတပ်များကို အထူးဂရုစိုက် ရှောင်ရှားခိုင်းထားသည်ဟု RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလက ဇန်န၀ါရီ ၂ ရက်တွင် ပြောကြားသည်။

မိုင်းပြင်းမြို့နယ် မိုင်းပူးကြီး ဒေသတွင် ဖြစ်ပွားသည့် တိုက်ပွဲဖြစ်စဉ်တွင် RCSS/SSA တပ်မှ သေဆုံးသူ ရှိခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်ပြီး တြိဂံတိုင်း စစ်ဌာနချုပ်နှင့် ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာနနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့ထံသို့ အကြောင်းကြားထားသည်ဟု ဗိုလ်မှူးကြီး စိုင်းလက ဆိုသည်။

ဗိုလ်မှူးကြီး စိုင်းလက “ဒီတိုက်ပွဲဖြစ်တဲ့ အကြောင်းကို ကျွန်တော်တို့ အကြောင်းကြားထားတာပဲ ရှိပါတယ်။ ဒီဒေသခံမှာ တာဝန်ရှိတဲ့ တိုင်းမှူး၊ နယ်လုံ၊ နောက်ပြီးတော့ UPWC ဒုဥက္ကဋ္ဌဖြစ်တဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းထံကိုလည်း အကြောင်းကြားထားပါတယ်။ အဲဒီအဆင့်လောက်ပဲ ရှိပါသေးတယ်။ ဘာပြန်ကြားချက်မှ မရှိသေးပါဘူး” ဟု ပြောကြားသည်။

ဆက်လက်၍ RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလက “နယ်မြေအခြေအနေက ငြိမ်နေပါတယ်။ နယ်မြေက အကျယ်အ၀န်းကြီးကိုး။ တိုက်ပွဲမဖြစ်အောင် ကျွန်တော်တို့ ရှောင်ရှားလို့ ရပါတယ်။ အရင်တုန်းကလည်း ကျွန်တော်တို့ လူမသိသူမသိအောင် နေရင်နေလို့ ရပါတယ်။ အခုကျတော့ တိုက်ပွဲမဖြစ်အောင် ကျွန်တော်တို့ တပ်တွေကို အထူးဂရုစိုက်ပြီးတော့ ရှောင်ရှားခိုင်းနေပါတယ်” ဟု ပြောကြားသည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ရှစ်ဖွဲ့တို့အကြား ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးခဲ့ပြီး နောက်ပိုင်းတွင် အစိုးရ တပ်မတော်နှင့် RCSS/SSA တပ်တို့အကြား ပထမဆုံးအကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မိုင်းပြင်းမြို့နယ် မိုင်းပူးကြီး ဒေသ၌ တပ်စခန်းငယ်များ တည်ဆောက်နေထိုင်သည့် RCSS/SSA တပ်ဖွဲ့များနှင့် အစိုးရ တပ်မတော် ခလရ (၂၇၈) တပ်တို့အကြား ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ွRCSS/SSA သည် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ် မထိုးရသေးသည့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့်လည်း နယ်မြေ အငြင်းပွားမှုနှင့် ပတ်သက်ပြီး တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

RCSS/SSA အနေဖြင့် ရှမ်းပြည်နယ် မိုင်းပန်၊ မိုးနဲ၊ လင်းခေး၊ မောက်မယ်၊ နမ့်စန်၊ ပင်လုံ၊ လွယ်လင်၊ မိုင်းပြင်း၊ ရပ်စောက်၊ လဲချား၊ မိုင်းကိုင်၊ ကျောက်မဲ၊ မူဆယ်၊ နမ့်ခမ်း၊ မိုင်းကိုး၊ ကျေးသီး၊ ကွန်ဟိန်း၊ ကျိုင်းလုံး၊ ကျိုင်းတောင်း၊ မိုင်းပူးကြီး၊ ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းတုံ အစရှိသည့် မြို့နယ်များရှိ ဒေသများတွင် အခြေချ လှုပ်ရှားလျက်ရှိသည်ဟု RCSS/SSA ၏ ထုတ်ပြန်ထားချက်အရ သိရသည်။

Writer:
အောင်ဇော်ထွန်း

http://news-eleven.com/

Post a Comment

 
Top