ကျွန်မတို့မြန်မာလူ့အဖွဲ့အစည်းမှာ တစ်ယောက်နဲ့တစ်ယောက်ဆုံရင် "ဟယ်ဝလာလိုက်တာ" "ဟယ်တော်တော်ပိန်သွားလိုက်တာ" စတဲ့နှုတ်ဆက်စကားပြောတဲ့အကျင့်လေးရှိပါတယ် ။ တစ်ခါတစ်လေကျတော့ ဘာရယ်မဟုတ်ဘူးပြောလိုက်မိပေမယ့် တစ်ဖက်လူမှာခံရခက်သွားတာမျိုးဖြစ်တတ်ပါတယ် ။ အဲ့လိုနှုတ်ဆက်တာက အရမ်းရင်းနှီးတဲ့ သူငယ်ချင်းတွေကြားမှာ မိသားစုဝင်ဆွေမျိုးတွေကြားမှာ သိပ်ပြဿနာမရှိပေမယ့် သိပ်မခင်တဲ့လူအချင်းချင်းလုပ်ရင် အရမ်းရိုင်းတဲ့အပြုအမူလို့ ကျွန်မစိတ်ထဲမှာမှတ်ယူပါတယ် ။ ကိုယ်တစ်ယောက်ထဲသာမဟုတ် ကိုယ့်ပတ်ဝန်းကျင်က အမျိုးသမီးတော်တော်များများလည်း မနှစ်သက်တာကိုသိရတော့ အားလုံးကိုသတိပေးချင်တဲ့ ဆန္ဒလေးဖြစ်လာပါတယ် ။
အားလုံးသိကြတဲ့အတိုင်း ဝတဲ့သူတွေဆိုရင် ငယ်ငယ်ကနေကြီးလာတဲ့အထိ ဝခြင်းကိုပျက်ရယ်ပြုစရာလိုအမြဲလုပ်ခံရပါတယ် ။ ကျွန်မလည်းခပ်ငယ်ငယ်က ခပ်ပြည့်ပြည့်ခပ်ဝဝမို့ အစခံရရင်ဖြစ်တဲ့စိတ်ဒုက္ခကိုနားလည်ပါတယ် ။ အထူးသဖြင့် အပျိုပေါက်လေးတွေနဲ့ လှချင်ပချင်တဲ့အရွယ်လေးတွေက အဲ့ဒီ့အတွက်အရှက်ရပြီးပိုခံစားရပါတယ် ။ ကိုယ်တိုင်ကအစားစားရတာနှစ်သက်လို့ဝတာမျိုးလည်းရှိသလို တစ်ချို့ကတော့မျိုးရိုးဗီဇကြောင့်ဝတတ်ကြပါတယ် ။ လူဆိုတာကိုယ့်ကိုကိုယ် perfect ဖြစ်နေချင်တဲ့သူတွေချည်းပါပဲ ။ ဒါပေမယ့်ကိုယ့်ကို သဘာဝကပေးထားတဲ့ ခန္ဓာကိုယ်အနေအထားကို ကြိုက်လို့ပဲဖြစ်ဖြစ် မကြိုက်လို့ပဲဖြစ်ဖြစ်လက်ခံရမှာပါ ။ ဝိတ်ချတယ်ဆိုတာကလည်း အပြောလွယ်သလောက်အလုပ်ခက်တဲ့ကိစ္စမို့ လူအားလုံးလုပ်နိုင်ဖို့မလွယ်ပါဘူး ။
ပိန်တဲ့အမျိုးသမီးလေးတွေကိုလည်း ပိန်လို့ဆိုပြီးလွတ်မယ်မထင်ပါနဲ့ ဝတဲ့သူတွေကိုယ်တိုင်ကဖြစ်စေ ပတ်ဝန်းကျင်မှာရှိတဲ့လူတွေကဖြစ်စေ ပိန်ခြင်းကိုလှောင်ပြောင်ကြပါတယ် ။ ပိန်တဲ့မိန်းကလေးတွေကြတော့ အဲ့လိုလှောင်ပြောင်ခံရတာများတဲ့အခါ အင်္ကျီအဝတ်အစားဝတ်ရင် ကြည့်မကောင်းဘူး ဘာနဲ့မှမလိုက်ဘူးထင်လာကြပြီး စိတ်ဓာတ်ကျတတ်ကြပါတယ် ။ ပိန်တဲ့သူတွေက အစားစားတဲ့နေရာမှာလည်း ပြည့်တဲ့သူတွေလောက်မစားနိုင်ကြတာမို့ သူတို့ကို "စားပါဦးဟယ် နင့်ကြည့်ရတာ ပိန်ညှောင်နေတာပဲ" အဲလိုသွားပြောတဲ့အခါ ဝတဲ့သူတွေကို နှိမ်သလိုပြောတဲ့ "တော်တော်စားနိုင်တာပဲ အဲ့ဒါကြောင့်အခုလိုပုံဖြစ်နေတာ" လိုပဲ သူတို့ခံစားရပါတယ် ။ သူတို့လည်းသူတို့အတိုင်းအတာနဲ့သူတို့ စားနိုင်သလောက်ပဲစားကြမှာပါ ။
ပြောရရင်တော့ ပိန်နေလို့ပဲဖြစ်ဖြစ် ဝနေလို့ပဲဖြစ်ဖြစ် သူတို့အတိုင်းအတာနဲ့သူတို့စားသောက်နေထိုင်နေပြီး ကျန်းမာနေဖို့ကအဓိကပါ ။ မကျန်းမာပဲသူများမျက်လုံးထဲကြည့်ကောင်းနေဖို့ ကိုယ့်ကိုကိုယ်ဖိအားပေးဖို့မလိုပါဘူး ။ ကျွန်မတို့သဘောကျကြတဲ့ ဟောလိဝုဒ်ကမင်းသမီးတွေတောင်မှ မဂ္ဂဇင်းအဖုံးတွေပေါ်ကလို အပြင်မှာစင်းလုံးချောဖြစ်မနေပါဘူး ။ Photoshop တွေနဲ့ပြင်ထားတဲ့ before and after ပုံတွေကို ကျွန်မတို့ကြည့်ကြပြီး ပါးစပ်အဟောင်းသားဖြစ်သွားကြတယ်မဟုတ်လား ။ ဒီကမ္ဘာကြီးပေါ်မှာ ဘယ်သူမှရာနှုန်းပြည့် perfect ဖြစ်နေတဲ့ဘဝမျိုးကို မပိုင်ဆိုင်ကြတာမို့ အရေးကြီးဆုံးက ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်ယုံကြည်မှုရှိပြီး နေပျော်နေဖို့ပါပဲ ။
ကိုယ်ဝန်ဆောင်နဲ့ မီးဖွားပြီးခါစ အမျိုးသမီးတွေကိုလည်း သူတို့ခန္ဓာကိုယ်အပြောင်းအလည်းဖြစ်နေတဲ့အချိန်မှာ ကူညီဖေးမဖို့လိုအပ်ပါတယ် ။ ဘယ်သူမှတော့ ကိုယ့်ခန္ဓာကိုယ်ပုံပျက်သွားတာ မကြိုက်ပါဘူး ။ ဒါပေမယ့်သဘာဝတရားကပေးတဲ့ တာဝန်ကို ကျွန်မတို့အမျိုးသမီးတွေမလွှဲမရှောင်သာ ထမ်းဆောင်ရပါတယ် ။ မီးဖွားပြီးပုံမှန် ခန္ဓာကိုယ်ကိုပြန်ပိုင်ဆိုင်ဖို့ အချိန်တွေအများကြီးပြန်ယူတတ်ရတာမို့ သူတို့ကိုကိုယ်ချင်းစာနားလည်ပြီး ကိုယ့်နှုတ်ကိုကိုယ်စောင့်ဆည်းဖို့လိုပါတယ်ရှင် ။
ကလေးလေးတွေမြင်ရင်လည်း ဟယ်ကလေးကတော့ပိန်လိုက်တာ ဝလိုက်တာ စတာတွေမပြောပဲ တစ်ခြားစကားစမည်ပြောခြင်းနဲ့ သူတစ်ပါးစိတ်အနှောက်အယှက်ဖြစ်အောင်လုပ်မိတာကနေ ရှောင်ရှားပါ ။ ကလေးတွေပိန်သည်ဖြစ်စေ ဝသည်ဖြစ်စေ ကျန်းမာရေးကောင်းတဲ့ကလေးလေးတွေအဖြစ်မြင်နေရတာက ပိုစိတ်ချမ်းသာဖို့မကောင်းဘူးလားရှင် ။ ကျွန်မကိုယ်တိုင်လည်း ကလေးအမေမို့ ကလေးကိုပိန်တယ် ဝတယ်ဝေဖန်ရင် မကြိုက်ပါဘူး ။ အဲ့လိုကိုယ့်ရဲ့မစောင့်ဆည်းတဲ့ စကားတစ်ခွန်းကြောင့် ကလေးအမေစိတ်ဖိစီးမှုရပြီး ကလေးကိုအစားကျွေးတဲ့အခါ အတင်းဖိကျွေးတာမျိုးလုပ်တတ်မိလို့ ကလေးနဲ့အမေနဲ့ကြားထဲဆက်ဆံရေး အနှောက်အယှက်ဖြစ်ပြီး ကလေးလည်းစိတ်ထိခိုက်နိုင်ပါတယ် ။
ကျွန်မအနေနဲ့ပြောရမယ်ဆိုရင် ဝလို့လှလို့ဆိုတဲ့စကားကို လက်မခံသလို ပိန်မှလှမယ်ဆိုတဲ့အယူအဆကိုလည်း မထောက်ခံပါဘူး ။ ကျွန်မကိုယ့်ခန္ဓာကိုယ်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ extreme မဖြစ်ပဲ ထိန်းသိမ်းပါတယ် ။ ကျွန်မခန္ဓာကိုယ်ကို ကျွန်မယုံကြည်မှုရှိတဲ့အတွက် စိတ်ချမ်းသာပါတယ် ။ ကျွန်မအတွက် Perfect ဖြစ်နေတဲ့ ခန္ဓာကိုယ်ကြီးမလိုပါဘူး ။ အဲဒါကျွန်မခံယူချက်ပါ ။
လူသားအားလုံးသာတူညီမျှစွာ သူ့အလှနဲ့သူရှိပါတယ် ။ အပြင်ပိုင်းအလှကို ဂရုစိုက်ဖို့လိုသလို အတွင်းစိတ်ကလေးလည်းလှမှ အလှတရားကပြီးပြည့်စုံတာပါ ။ ကိုယ်ကသူများထက် ပိုလှနေစေဦးတော့ အရေပြားတစ်ထောက်စာအလှဟာ ရေရှည်မတည်မြဲပါဘူး ။ ကိုယ်မလှနိုင်တော့တဲ့တစ်နေ့ လူတွေကိုယ့်အလှကိုမေ့သွားမှာပါ ။ စိတ်ထားလှပသူအတွက်ကတော့ လူတွေစိတ်ထဲမှာအမြဲနေရာရှိနေပါလိမ့်မယ် ။
ထုံးစံလိုဖြစ်နေပေမယ့် မွေးထားလို့မကောင်းတဲ့အကျင့်ဆိုးကြီးဖြစ်တဲ့ သူများကို body shaming လုပ်တဲ့အကျင့်ကို ကြိုးစားဖျောက်ရအောင်နော် ။ သူများကကိုယ့်ကိုလုပ်ခဲ့ရင်လည်း ရှက်ရွံ့မနေပဲ body shaming လုပ်ခြင်းက ရှက်ဖို့ကောင်းပြီး ရိုင်းတဲ့အပြုအမူဖြစ်ကြောင်း ပညာပေးလိုက်ပါ။ ဟဲဟဲ ။ ကျွန်မအမြင်သက်သက်ကို စိတ်ထဲမှာရှိတဲ့အတိုင်းချရေးတာမို့ အမြင်မတူပါက မဖတ်ပဲကျော်သွားနိုင်ပါတယ်ရှင့် smile emoticon ကောင်းသောနေ့လေးဖြစ်ပါစေရှင် ။ #phyodaybyday
Phyodaybyday
Post a Comment