0


ထိုင်းနိုင်ငံ လိပ်ကျွန်း လူသတ်မှုမှ သေဒဏ်ချခံရသည့် မြန်မာလုပ်သားနှစ်ဦးနှင့် ပတ်သက်၍ တောင်ကုတ်မြို့တွင် သံဃာတော်များ၊ သုံးဘီးယာဉ် အသင်းဝင်များနှင့် ပြည်သူလူထု ၅၀၀ ခန့် ဇန်နဝါရီလ ၃ ရက် ယနေ့ မွန်းလွဲ ၁၂ နာရီကျော်ခန့်က ငြိမ်းချမ်းစွာ စီတန်းလမ်းလျှောက် ဆန္ဒထုတ်ဖော်မှုတစ်ခု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
တောင်ကုတ်မြို့ ဖောင်တော်ဦးစေတီတော် ရင်ပြင်မှ စတင်ထွက်ခွာလာခဲ့ပြီး မြို့တစ်ပတ် လှည့်ပတ်ကာ ထိုင်းနိုင်ငံ၌ မတရား ဖမ်းဆီးခံရသည့် ရခိုင်လူငယ် (၂) ဦး ပြန်လည်လွတ်မြောက်ရေး၊ ရခိုင်လူငယ် (၂)ဦး လွတ်မြောက်ရေး အစိုးရအနေဖြင့် ကူညီဆောင်ရွက်ပေးရေး ထိုင်းနိုင်ငံ၏ တရားစီရင်မှု တရားမျှတမှု ရှိရေး၊ လူသတ်သမားကို ပြည်တွင်းပြည်ပ မြန်မာနိုင်ငံသားများအပြင် ပြည်ပနိုင်ငံများကလည်း ၀ိုင်းဝန်းကူညီ ဖော်ထုတ်ပေးရေးတို့အတွက် တောင်းဆိုသော ပိုစတာများ ကိုင်ဆောင်ကာ စီတန်းလမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။
“ထိုင်းနိုင်ငံ အစိုးရက ကျနော်တို့ မြန်မာ လူငယ်နှစ်ယောက်ကို မတရား ဥပဒေပုဒ်မနဲ့ သေဒဏ်ချထားတာကို မကျေနပ်လို့ အခုလို ဆန္ဒထုတ်ဖော်ရတာဖြစ်တယ်။ ကျနော်တို့ နိုင်ငံတော် အစိုးကလဲ အမြန်ဆုံး ဒီကိစ္စကို ဆောင်ရွက်ပေးပါလို့ တိုက်တွန်းလိုပါတယ်” ဟု တောင်ကုတ်မြို့ သုံးဘီးဆိုင်ယာဉ်များ အသင်းမှ ဦးဆောင်သူ ကိုရွှေလှကပြောသည်။
“ဦးပဉ္ဇင်းတိုက ဒီကိုလာပြီး ဆန္ဒပြတယ်ဆိုတာက ထိုင်းနိုင်ငံက တကာလေးနှစ်ယောက် လွတ်မြောက်ဖို့အတွက် မေတ္တာရပ်ခံခြင်း ဖြစ်ပါတယ်။ အမှန်တရားဘက်က ရပ်တည်ချင်တယ်” ဟု ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သည့် ဦးဆောင်ဆရာတော် အရှင်တိသေသက မိန့်ကြားသည်။
ဆန္ဒထုတ်ဖော်အပြီး ဖောင်တော်ဦးစေတီ ဓမ္မာရုံ၌ ပြန်လည်စုရုံးကာ မြန်မာလူငယ်နှစ်ဦး သေဒဏ်ချမှတ်ခံရခြင်းနှင့် ပတ်သက်ပြီး သံဃာတော်များက ရှင်းလင်း ဟောပြောမှုများပြုလုပ်ကာ ၀တ်ပြုဆုတောင်းခဲ့ပြီး ဆန္ဒထုတ်ဖော်မှုကို နေ့လယ် ၂ နာရီထိ ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

Eleven Media Group

Post a Comment

 
Top