0

တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ဖြစ်ပေါ်နေသည့်လေဖိအားကြီးရပ်ဝန်း (China High) မှာ ဆက်လက်အားကောင်းနေသဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအပါအဝင် ဒေသအချို့၌အအေးပြန်ပိုလာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးကပြောကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ယခုရက်ပိုင်းအတွင်း ဇန်နဝါရီလ၏ပုံမှန်အပူချိန်အောက်ရောက်ရှိပြီး အအေးပြန်ပိုလာနိုင်ကြောင်း ၎င်းကပြောဆိုသည်။
"China Highက မြန်မာနိုင်ငံထဲကို တိုးဝင်နေတာကြောင့် ပြန်အေးနိုင်တယ်။ China High သဘောသဘာဝက ဆောင်းရာသီဆို ကုန်းတွင်းကနေ ပင်လယ်ထဲကိုတိုးပြီး မိုးရာသီဆို ပင်လယ်ကနေကုန်းတွင်းဘက်ကို ပြန်တိုးဝင်တတ်တယ်" ဟု ဒေါက်တာကျော်မိုးဦးကဆိုသည်။
ဇန်နဝါရီလ ၅ရက်နေ့မှ ၂၁ရက်နေ့အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသနှင့် ဇန်နဝါရီလ ၇ရက်နေ့မှ ၁၆ရက်နေ့အတွင်း မြန်မာနိုင်ငံအရှေ့ပိုင်းဒေသ၊ အလယ်ပိုင်းဒေသနှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ဇန်နဝါရီလ၏ပုံမှန်အပူချိန်အောက်ကျဆင်းကာ အေးလာနိုင်ကြောင်း မိုးလေဝသနှင့်ဇလေဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းချက်ထုတ်ပြန်ထားသည်။
ထို့ပြင်အနောက်ဘက်မှ ရွေ့လျားလာသည့်လေပွေလှိုင်း(Western Disturance) အရှိန်ကြောင့် ဇန်နဝါရီလ ၆ရက်နေ့မှ ၁၆ရက်နေ့အတွင်း ရှမ်းပြည်နယ်နှင့်ကချင်ပြည်နယ်တို့တွင် မိုးအနည်းငယ်ရွာသွန်းနိုင်ကြောင်း အဆိုပါဌာနထံမှသိရသည်။

The Voice Weekly

Post a Comment

 
Top