ယမုံ(မြစ်မခ) ၊ ရန်ကုန်၊ ဇန်နဝါရီ ၂-
အောင်ဘာလေထီမူကြမ်းအတည်ပြုပြီးပါက ၂ဝ၁၆ခုနှစ် အတွင်း ထီများကို အွန်လိုင်းမှတစ်ဆင့် e-Lottery စနစ်ဖြင့် ရောင်းချပေးသွား မည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။
''ဥပဒေမူကြမ်းအတည်ပြုပြီးသွားရင်တော့ အွန်လိုင်းကနေပြီး ထီ ရောင်းချသွားဖို့စီစဉ်နေတယ်။ အွန်လိုင်းကနေတော့ လက်မှတ်နဲ့မဟုတ်တော့ဘူး။ ကိန်းဂဏန်းကိုပဲထိုးရမှာဖြစ်တယ်။ မူကြမ်း အတည်ပြုပြီးသွားတဲ့အခါ အဲဒီစနစ်လုပ်ဆောင်ဖြစ်ရင်တော့ နိုင်ငံခြားကုမ္ပဏီနဲ့ ဖက်စပ်လုပ်ကိုင်သွားမယ်။ အခုလက်ရှိမှာ လက်မှတ်စနစ်နဲ့ရောင်းချနေတဲ့အောင် ဘာလေကလဲ ဒီအတိုင်း ပဲ ဆက်လက်လုပ်ဆောင်သွားမယ်''ဟု ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်
ရှိသူတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင် e-Lottery စနစ်အကောင်အထည်ဖော်ဆောင်နိုင်ရန်
နိုင်ငံခြားကုမ္ပဏီများကို တင်ဒါခေါ်ယူသွားမည်ဖြစ်ပြီး တင်ဒါအောင်မြင်သည့်
ကုမ္ပဏီမှ ငွေကြေးအရင်းအနှီးနှင့်နည်းပညာကို ကုမ္ပဏီမှဆောင်ရွက်သွားမည်
ဖြစ်ကြောင်း သိရသည်။
''ဥပဒေက အတည်မဖြစ်သေးတော့ ပြောလို့မရသေးဘူး။ အွန်လိုင်း ကနေတော့ ရောင်းချဖို့အတွက်အစီအစဉ်တော့ မရှိသေးပါဘူး။ ဒီစနစ်လုပ် ဆောင်ဖြစ်ရင်လဲ လက်မှတ်စနစ်နဲ့ရောင်းချတာကိုတော့ ထိခိုက်မှုမရှိနိုင်ပါဘူး။ လက်မှတ်စနစ်ကတော့ သက်ဆိုင်ရာအခွန်ဦးစီးဌာနမှာ လိုချင်သလောက် တင်ပြရတယ်။ ပြီးတော့မှ တစ်ဦးကိုဘယ်လောက်နှုန်းဆိုပြီး ပြန်ပြီးတော့ခွဲဝေ ပေးတာဖြစ်တယ်''ဟု အောင်ဘာလေသိန်းဆုဌာနခွဲ ညွှန်ကြားရေးမှူးဦးထွန်းထွန်းအောင်က ပြောသည်။
လက်ရှိတွင် e-Lottery စနစ် အကောင်အထည်ဖော်နိုင်ရန် အောင်
ဘာလေထီမူကြမ်းကို ပြည်ထောင်စုလွှတ်တော်သို့ ၂ဝ၁၅ခုနှစ်အောက်တိုဘာလအတွင်းက တင်ပြပြီး လက်ရှိအချိန်အထိ ဆွေးနွေးမှုများပြုလုပ်လျက်ရှိသည်။
(Flower News Journal, 12-1)
ဓာတ်ပုံ - အင်တာနက်မှတစ်ဆင့် အောင်ဘာလေထီတိုက်သော ၀က်ဆိုက်တစ်ခုအား တွေ့ရစဉ်
Yangon Media Group
Post a Comment