0


Published on Sun, 01/03/2016

ရေနည်းပါးနေပြီဖြစ်သည့် မြိုင်မြို့နယ် နှင်းဆီကန် ကျေးရွာမှ သောက်ရေကန်တွင် ရေခပ်နေကြသည့် ဒေသခံ အချို့အား ၂၀၁၅ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-သက်ထိန်ဝင်း)
အယ်လ်နီညို၏ သက်ရောက်မှုကြောင့် မတ်လကုန်အထိ ပူပြင်းခြောက်သွေ့နိုင်ပြီး သောက်သုံးရေ ပြဿနာ ကြုံတွေ့နိုင်ကာ ပခုက္ကူ ခရိုင်အတွင်းရှိ ကန်ရေအဓိက အသုံးပြုကျေးရွာများ နွေကာလ မရောက်မီမှာပင် ကန်ရေခန်းခြောက်မှု ကြုံတွေ့နေရကြောင်းနှင့် သောက်သုံးရေ ရှားပါးစ ပြုလာကြောင်း သိရသည်။

အယ်လ်နီညို၏ သက်ရောက်မှုကြောင့် ၂၀၁၆ ခုနှစ် မတ်လကုန်အထိ ပူပြင်းခြောက်သွေ့နိုင်ကြောင်း မိုးလေ၀သ ပညာရှင် ဒေါက်တာ ဦးထွန်းလွင်က ပြောကြားသည်။

“အယ်လ်နီညိုကြောင့် ၂၀၁၅ ခုနှစ်က ကမ္ဘာပေါ်မှာ အပူဆုံးနှစ် ဖြစ်ခဲ့တယ်။ ဒါကြောင့် ယခုနှစ်ကို ပိုပြီးသတိပြုဖို့ လိုပါတယ်။ မတ်လကုန်အထိကို ပူပြင်းခြောက်သွေ့နိုင်တယ်။ ပူဖို့က သေချာပြီး မိုးလည်းနည်းမှာ ဖြစ်တယ်” ဟု ဒေါက်တာ ဦးထွန်းလွင်က ပြောကြားသည်။

ထို့ပြင် ၂၀၁၆ ခုနှစ်အတွင်း ကြုံတွေ့နိုင်သည့် ရာသီဥတု အခြေအနေများသည် ရေရှားပါးခြင်း၊ နွေရာသီတွင် အပူချိန်မြင့်မားခြင်း၊ မုတ်သုံလေ ၀င်ရောက်မှု နောက်ကျခြင်း၊ မိုးကြိုကာလနှင့် မိုးဦးကာလတွင် မုန်တိုင်း တစ်ကြိမ်ခန့်သာ ဖြစ်ပေါ်နိုင်ပြီး အရေအတွက် လျော့နည်းခြင်း၊ မုတ်သုံလေအား မမှန်ခြင်းများကြောင့် စိုက်ပျိုးရေး၊ ရေရရှိမှု၊ လုံခြုံရေး၊ ကျန်းမာရေး၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများပေါ်တွင် ရိုက်ခတ်မှုများ ရှိလာနိုင်သောကြောင့် သက်ဆိုင်ရာ ပညာရှင်များမှ လိုအပ်သည့် အကြံဥာဏ်များကို ထုတ်ပြန်ပေးသင့်ကြောင်းလည်း ဒေါက်တာ ဦးထွန်းလွင်က ဆက်လက်ပြောကြားသည်။

၂၀၁၆ ခုနှစ် ဇန်န၀ါရီလ၏ ပုံမှန်အပူချိန်ထက် ပိုခဲ့သော ပြည်နယ်နှင့် တိုင်းဒေသကြီးများသည် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ဇန်န၀ါရီလ၏ ပျမ်းမျှအပူချိန်ထက် ၅ ဒီဂရီစင်တီဂရိတ်မှ ၆ ဒီဂရီစင်တီဂရိတ်၊ မန္တလေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် ဇန်န၀ါရီလ၏ ပျမ်းမျှအပူချိန်ထက် ၃ ဒီဂရီစင်တီ ဂရိတ်မှ ၄ ဒီဂရီစင်တီဂရိတ်အထိ ပိုခဲ့ကြောင်းလည်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်း ထုတ်ပြန်ထားသည်။

အယ်လ်နီညိုသည် ငါးနှစ်မှ ခုနစ်နှစ် အတွင်းတွင် တစ်ကြိမ် ဖြစ်ပွားလေ့ရှိပြီး ယခုနှစ်ဖြစ်ပွားသည့် အယ်လ်နီညို ကမ္ဘာ့သမိုင်းတွင် အားအကောင်းဆုံး အယ်လ်နီညို ဖြစ်ကြောင်း သိရသည်။

ပခုက္ကူ ခရိုင်အတွင်း ပခုက္ကူ၊ မြိုင်နှင့် ရေစကြိုမြို့နယ်များရှိ ကန်ရေအဓိကထား အသုံးပြုနေသည့် ကျေးရွာများမှာ ယခု ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ သောက်သုံးရေ ရှားပါးမှု ကြုံတွေ့လာကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

၂၀၁၅ ခုနှစ် မိုးရာသီတွင် မိုးရွာသွန်းမှု နည်းပါးခဲ့ခြင်းကြောင့် သောက်ရေကန်များမှာ ရေရရှိမှု နည်းပါးခဲ့သည့်အတွက် ယခုနှစ်ဆန်းပိုင်းမှာပင် သောက်ရေကန်များ ရေလုံးဝ ခန်းခြောက်ခြင်းနှင့် ရေနည်းပါးလာခြင်းများ ကြုံတွေ့ရကြောင်းလည်း ဒေသခံများထံမှ သိရသည်။

စက်တွင်းရေ တူးဖော်ထားသည့် ကျေးရွာအချို့မှာ ကန်ရေ ခန်းခြောက်သွားသည့်အတွက် စက်ရေတွင်းများ မောင်းနှင် အသုံးပြုနေရပြီး လျှပ်စစ်မီး မရှိသည့် ကျေးရွာများမှာ စက်ရေတွင်းအား မီးစက်များဖြင့် မောင်းနှင်၍ ရေရရှိရေး ဆောင်ရွက်ရကြောင်း သိရသည်။

“ရွာကန်က ရေလုံးဝ ခန်းသွားပြီ။ စက်တွင်းကလည်း နေ့စဉ်မောင်းနေရတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလလယ် လောက်ကပဲ ပျက်သွားတယ်။ အခု ရွာအတွက် ရေကို ပခုက္ကူမြို့က တိလောက ရေလှူအသင်းကနေ လာလှူ ပေးနေတယ်။ ရေတွင်းကလည်း ပေ ၈၀၀ ကျော်လောက်တူးမှ ရေချိုရတာ။ မိုးတွင်းမရောက်မချင်း ရေရှားတာ ကြုံနေရမှာပဲ” ဟု သောက်သုံးရေ ရှားပါးမှု ကြုံတွေ့နေရသည့် မြိုင်မြို့နယ် မြေရင့်ကျေးရွာမှ ကိုသိန်းထွန်းက ပြောကြားသည်။

ပခုက္ကူမြို့နယ်တွင်း ကန်ရေ အသုံးပြု သည့် ကျေးရွာအများစုမှာ စက်ရေတွင်းများ တူးဖော်ထားခြင်းကြောင့် သောက်သုံးရေ ရှားပါးမှု ကြုံတွေ့ရခြင်း လျော့နည်းသွားသော်လည်း ရှင်မတောင် ဒေသတစ်ဝိုက် မြိုင်မြို့နယ်နှင့် ရေစကြို မြို့နယ်တွင်း ကျေးရွာများမှာ ရေချိုထွက်ရှိမှု နည်းပါးခြင်းကြောင့် နွေကာလတွင် သောက်သုံးရေ ရှားပါးနေဆဲ ဖြစ်သည်။

“ရေလှူတာတော့ စလုပ်နေရပြီ။ စက်ရေတွင်း ပျက်သွားတဲ့ ရွာတွေကလည်း များလာတယ်။ နောက်ရက်တွေဆိုရင် ရေရှားပါးမှု ပိုကြုံရမယ်။ မနှစ်ကလည်း မိုးလယ်လောက် မရောက်မချင်း ကျွန်တော်တို့ ပခုက္ကူ တစ်နယ်လုံး ပတ်ပြီး ရေလှူပေးနေရတယ်။ ရေသယ် ကားတွေအတွက် ဆီဖိုးလိုတဲ့ ငွေကိုတော့ မြို့ခံအလှူရှင်တွေနဲ့ ဝေဠုကျော် ဖော်ဒေးရှင်းတို့ကနေ အဓိက ထောက်ပံပေးနေတယ်” ဟု ရေရှားပါးနေသည့် ကျေးရွာများသို့ သောက်သုံးရေ သွားရောက် လှူဒါန်းနေသည့် တိလောက ရေလှူအသင်းမှ ကိုဇာနည်ဘုန်းမော်က ပြောကြားသည်။

လာမည့် မိုးဦးကာလတွင် ယခင်နှစ်နည်းတူ မိုးရွာသွန်းမှု နောက်ကျပါက ပခုက္ကူ ခရိုင်အတွင်း ကျေးရွာများမှ ကန်ရေအဓိကထား အသုံးပြုနေသော ဒေသခံများမှာ ယခုထက် သောက်သုံးရေ ရှားပါးမှုအား ပိုမိုကြုံတွေ့ရမည် ဖြစ်ကြောင်းနှင့် လတ်တလောတွင် ရေစည်တစ်လှည်းလျှင် ကျပ် ၁၀၀၀ အထိပေး၍ ၀ယ်ယူသုံးစွဲနေရကြောင်း သိရသည်။

၂၀၁၅ နှစ်ဆန်းပိုင်းကလည်း ပခုက္ကူ ဒေသတစ်ဝိုက် ကန်ရေအသုံးပြုသည့် ကျေးရွာများ သောက်သုံးရေ ရှားပါးမှု ကြုံတွေ့ခဲ့ရပြီး မိုးဦးရွာသွန်းမှု နောက်ကျခဲ့ခြင်းကြောင့် စိုက်ပျိုးရေး လုပ်ငန်းများ အဆင်မပြေမှုများစွာ ကြုံတွေ့ရသည်။

မိုးလေ၀သနှင့် ဇလဗေဒ ပညာရှင်များက လာမည့်နွေကာလသည် ပူပြင်းသည့် အယ်လ်နီညို ရာသီဥတု ဖြစ်ပေါ်မည်ဟု တွက်ချက် ခန့်မှန်းထားကြသည်။

Writer:
ဆန်းထူးအောင်၊သက်ထိန်ဝင်း

http://news-eleven.com/

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top