ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်ခရိုင်၊ မှော်ဘီမြို့နယ်မှာနေတဲ့၊ ဦးအောင်ခင်က မဇ္ဈိမ စာဖတ်သူကဏ္ဍကို စာတစ်စောင် ပေးပို့လာပါတယ်။ သူရေးထားတဲ့ စာထဲမှာ သဘာဝပတ်ဝန်းကျင်ကို ချစ်တဲ့သူတစ်ယောက်ရဲ့ စိတ်ထဲမှာ ဖြစ်ပေါ်ရတဲ့ ခံစားမှုနဲ့ သဘာဝအလှတရားတွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်ကြရမလဲဆိုတဲ့ အဖြေကို သိပ်သိချင်တာကြောင့် စာရေးခဲ့တာပါလို့ ဆိုပါတယ်။
စာရေးခဲ့သူဟာ မှော်ဘီမြို့မှာ မွေးဖွားခဲ့လို့ ဒီမြေမှာပဲ စိုက်ပျိုးရေးနဲ့ အသက်မွေးလုပ်ကိုင်နေသူ တစ်ဦးဖြစ်ပြီး စိုက်ပျိုးရေး တက္ကသိုလ်က ဘွဲ့ရရှိခဲ့သူ တစ်ဦးလည်း ဖြစ်တယ်လို့ ပြောပါတယ်။ သူနေတဲ့ ရွာဟာ ရန်ကုန်ပြည် ကားလမ်းပေါ်မှာရှိပြီး တစ်ရွာလုံးနီးပါးက စိုက်ပျိုးရေးနဲ့ အသက်မွေးဝမ်း ကျောင်းကြပါတယ်။ တချို့က လယ်စိုက်ပျိုးသလို တချို့က ရာသီ သီးနှံ့နဲ့ တချို့ကလည်း မွေးမြူရေး လုပ်ကိုင်နေကြတဲ့အတွက် တောဓလေ့ သဘာဝနဲ့ အလွန်ပျော်ရွှင် ကြည်နူးဖွယ်ကောင်းတဲ့ ရွာတစ်ရွာ ဖြစ်ပါတယ်။ ခေတ်အဆက်ဆက် အေးချမ်းပြီး သဘာဝ သစ်ပင် သစ်တောတွေနဲ့ သာယာတဲ့ နယ်မြေ ဒေသတစ်ခုဟာ အခုအခါမှာတော့ တစ်စတစ်စနဲ့ သာယာကြည်နူးစရာတွေ ပျောက်ဆုံးတော့မယ့် အရိပ်အယောင်တွေ တွေ့မြင်နေရပါပြီလို့ ဆိုပါတယ်။
အဲဒါကတော့ မှော်ဘီမှာရှိတဲ့ လယ်မြေနဲ့ စိုက်ပျိုးမြေတွေကို ငွေကြေးတက်နိုင်သူတွေက ဝယ်ယူသိမ်းပိုက်ပြီး ဈေးကစားလို့ အမြတ်တင်လို့ ရောင်းချလာကြတာကြောင့် ကျေးရွာ သဘာဝ ကိုယ့်ဝင်းကိုယ့်ခြံနဲ့ နေကြသူတွေ နေထိုင်တဲ့ ပုံစံမျိုး မဟုတ်တော့ဘဲ ရန်ကုန် ဆင်ခြေဖုံးက လှိုင်သာ ယာ၊ ရွှေပြည်သာ စတဲ့ မြို့နယ်တွေလို ရပ်ကွက်ပုံစံ ဖြစ်လာနေတာကို သူ့အနေနဲ့ ဘဝင်မကျမိဘူးလို့ ရေးပါတယ်။ လူနေအိမ်တွေ ဆောက်လုပ် နေထိုင်ကြလို့ စိုက်ပျိုးမြေတွေ လျော့နည်းလာနေတာက သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်စေမှာ အမှန်ဖြစ်တဲ့အတွက် လယ်မြေနဲ့ ဥယျာဉ်ခြံမြေ ရောင်းဝယ်နေ ကြတာကို တာဝန်ရှိသူတွေအနေနဲ့ ဥပဒေနဲ့ တားဆီးပေးစေလိုတယ်လို့ ပြောပါတယ်။
လူတွေ နေထိုင်ကြတဲ့အခါမှာလည်း အဆင်ပြေသလို ဆောက်လုပ်နေထိုင်ကြတဲ့အတွက် ပတ်ဝန်းကျင် သန့်ရှင်းရေးကို အထောက်အကူပြုတဲ့ စနစ်တကျ အကွက်ချပြီး မြောင်းတွေ၊ လမ်းတွေနဲ့ တည်ဆောက် နေထိုင်တာ မဟုတ်လေတော့ နေထိုင်သူတွေရဲ့ ကျန်းမာရေး၊ လူမှုရေး၊ ထိခိုက်နစ်နာမှု တွေ ရှိလာပါတယ်။ လယ်မြေကို လူနေခွင့် ပြုမယ်ဆိုရင်လည်း သူ အထက်က ပြောခဲ့သလို အုပ်ချုပ် သူတွေကိုယ်တိုင် အကွက်ဖော်ပြီး စနစ်တကျ လုပ်ပေးစေချင်ပါတယ်လို့ ပြောပါတယ်။ သူ့အနေနဲ့က တော့ ကျေးရွာပုံစံနေတဲ့ ဘဝကို နှစ်သက်ပြီး ရပ်ကွက်လူနေမှု ဘဝကို မနှစ်သက်တာကြောင့် သဘာ ဝ ပတ်ဝန်းကျင်ကို ထိခိုကမယ့် သစ်ပင် သစ်တော ပြုန်းတီးတာ၊ စိုက်ပျိုးမြေ မရှိတော့မှာ စိုးရိမ်ပူပန်မိ တာကြောင့် အစိုးရအနေနဲ့ အလေးထား ဖြေရှင်းပေးစေချင်လို့ မဇ္ဈိမ စာဖတ်သူကဏ္ဍကို စာရေးပေး ပို့ခဲ့တာပါလို့ ရေးသား ပေးပို့ခဲ့ပါတယ်။
Post a Comment