0

လိပ်ကျွန်းလူသတ်မှု ဥပဒေကြောင်းလုပ်ငန်းစဉ်တွေ ပြီးဆုံးခြင်းမရှိသေးတာကြောင့် သေဒဏ်ပြစ်ဒဏ်ကို မကျေမနပ်ဆန္ဒပြကန့်ကွက်နေကြတဲ့ မြန်မာပြည်သူတွေ စိတ်အေးအေးထားပေးကြပါလို့ စွပ်စွဲခံရသူမြန်မာနှစ်ဦးဘက်က ရှေ့နေလိုက်ပေးနေတဲ့ ထိုင်းရှေ့နေများကောင်စီက တိုက်တွန်းလိုက်ကြောင်း ဘန်ကောက်ပို့စ်သတင်းဌာနရဲ့ အွန်လိုင်းသတင်းမှာ တနင်္ဂနွေနေ့က ဖော်ပြခဲ့ပါတယ်။
မြန်မာသံရုံးရဲ့ မေတ္တာရပ်ခံချက်အရ လိုက်ပါအမှုလိုက်ပေးနေတဲ့ ရှေ့နေများကောင်စီရဲ့ ထုတ်ပြန်ချက်ထဲမှာ မြန်မာပြည်သူတွေအနေနဲ့ ထိုင်းတရားရေးစနစ်အပေါ် ယုံကြည်မှုထားကြဖို့လည်း တောင်းဆိုထားပါတယ်။ အယူခံတရားရုံး သို့မဟုတ် အမြင့်ဆုံးတရားရုံးချုပ်ကို ဒီအမှု ရောက်ရှိသွားတဲ့အခါမှာ တင်ပြထားတဲ့ မှန်ကန်ခိုင်လုံတဲ့သက်သေ အထောက်အထားတွေအားလုံး နောက်ဆုံးမှာခိုင်လုံတိကျပြီး ကျိုးကြောင်းညီညွတ်ကြောင်း တွေ့ရှိရမယ်လို့ ကောင်စီရဲ့ ဥပဒေအထောက်အကူပြုကော်မတီအနေနဲ့ ယုံကြည်မှုရှိနေတယ်လို့ အဆိုပါ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
ကောင်စီအနေနဲ့ မိမိတို့ရဲ့ တာဝန်ကို ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ထမ်းဆောင်ကာ အယူခံတရားရုံးဆီ အချိန်မီအယူခံဝင်သွားမယ်ဆိုတာ ကို မြန်မာသံအမတ်ကြီးကိုရော၊ စွပ်စွဲခံရသူတွေရဲ့ မိသားစုတွေကိုရော၊ မြန်မာပြည်သူပြည်သားတွေကိုပါ စိတ်ချလက်ချကတိပေးချင် ပါကြောင်းလည်း ပြောကြားထားပါတယ်။ ဒါ့အပြင် ကောင်စီရဲ့ ဥပဒေရေးရာအဖွဲ့တစ်ဖွဲ့ဟာ မြန်မာသံအမတ်ကြီးနဲ့အတူ စွပ်စွဲခံမြန်မာ နှစ်ဦးရဲ့ မိဘတွေနဲ့ ဒီဇင်ဘာ ၃၀ မွန်းလွဲ ၁နာရီခွဲမှာ တွေ့ဆုံမှာဖြစ်ကြောင်း၊ အထက်ရုံးအဆင့်ဆင့်ဆီတင်ပြမယ့် ဥပဒေကြောင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း အချက်အလက်အသေးစိတ်ကို ရှင်းပြသွားမှာဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။
လက်ရှိအခြေအနေမှာ စွပ်စွဲခံမြန်မာနှစ်ဦးအနေနဲ့ အပြစ်မရှိသူတွေအဖြစ် သဘောထားခံနေရဆဲဖြစ်ပြီး တရားမျှတမှုဆောင်ကြဉ်းနိုင်ဖို့ နောက်ထပ် ရုံးတော်နှစ်ခုကျန်ရှိနေပါသေးကြောင်း ကောင်စီကဆိုပါတယ်။
` ကျေးဇူးပြုပြီး ထိုင်းတရားရေးလုပ်ငန်းစဉ်ကို ယုံကြည်မှုထားပေးပါ။ ကောင်စီရဲ့ ၀ါရင်ရှေ့နေတွေရဲ့စွမ်းဆောင်ရည်ကို ယုံကြည်မှုထား ပေးပါ´ လို့ ထိုင်းရှေ့နေများကောင်စီရဲ့ ကြေညာချက်မှာ အလေးပေးပြောကြားထားကြောင်း ဘန်ကောက်ပို့စ်သတင်းအရ သိရှိရပါတယ်။
ကိုမိုးထက်
Ref: bangkokpost, Dec 27, 2015

Kumudra

Post a Comment

 
Top