NLD ပါတီဟာ အစိုးရဖွဲ့ချင်တာကြောင့် ရွေးကောက်ပွဲ ဝင်တာဖြစ်ပြီး အာဏာရှင်စနစ်မှ တာဝန်ယူမှုစနစ်ကို ပြောင်းလဲချင်တယ်လို့ ဒီနေ့ (စက်တင်ဘာလ ၂၅ ရက်နေ့) ၁၀ နာရီ မိနစ် ၃၀ လောက်က စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့ ပေါမိုင်းရပ်ကွက် မြို့နယ် အားကစားကွင်းမှာ ပြုလုပ်တဲ့ မဲဆွယ်စည်းရုံးရေးဆိုင်ရာ ဟောပြောပွဲမှာ NLD ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။
“ကျွန်မတို့ပါတီဟာ နှစ်သုံးဆယ်နီးပါး ပြည်သူ့ဘက်မှ ရပ်တည်တဲ့ ပါတီဖြစ်ပြီး ယခု ရွေးကောက်ပွဲမှာ အပြတ်အသတ် နိုင်ချင်ပါတယ်။ အပြတ်အသတ် နိုင်ဖို့ ပြည်သူအားလုံးရဲ့ လက်ထဲမှာ ရှိပါတယ်” လို့ သူက ပြောပါတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆွယ်စည်းရုံးရေး ဆိုင်ရာ ဟောပြောပွဲကို ခန္တီးမြို့ လူဦးရေရဲ့ သုံးပုံနှစ်ပုံ ဝန်းကျင် တက်ရောက်ခဲ့ကြတယ်လို့ ခန္တီးမြို့ခံတစ်ဦးဖြစ်တဲ့ ဦးအောင်ဆန်းမြင့်က ဆိုပါတယ်။
ဒီနေ့မှာ ပြုလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆွယ်စည်းရုံးရေး ဆိုင်ရာ ဟောပြောပွဲကို မြို့ခံပြည်သူတွေ၊ နယ်ကျေးရွာဒေသ အသီးသီးမှ ပြည်သူတွေ၊ ရှမ်းတိုင်းရင်းသားတွေနဲ့ နာဂ တိုင်းရင်းသားပြည်သူ ဒေသခံ ၃၃၀၀၀ ကျော်အနက် နှစ်သောင်းဝန်းကျင် တက်ရောက်ခဲ့ကြပါတယ်။
The Voice Weekly

Post a Comment