0


မဲဆွယ်စည်းရုံးရာ၌ ရွေးကောက်ပွဲဆိုင်ရာ အာမခံချက်ပေးမည် မဟုတ်ဘဲ အပြောင်းအလဲအတွက် ပြည်သူများ ကိုယ်ပိုင်အသိဖြင့် မဲပေးကြရန် စည်းလုံးညီညွတ်သော တိုင်း ရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA)ခေါင်းဆောင်တစ်ဦးဖြစ်သူ ရခိုင်အမျိုးသားပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအေးသာအောင်က ပြောကြားသည်။
ဦးအေးသာအောင်က “မဲ ဆွယ်တဲ့နေရာမှာ ကျွန်တော်တို့ကတော့ ဘာမှအာမခံ ချက်မပေးဘူး။ ဘယ်လိုတွေ လုပ်ပေးမယ်လို့ ပြောတာမျိုး မဟုတ်ဘဲ မဲပေးတဲ့အခါမှာ ပြည်သူတွေက ကိုယ့်ရဲ့အသိ၊ ကိုယ့်ရဲ့အမြင်တွေနဲ့ နိုင်ငံရေးပါတီတွေ၊ ပုဂ္ဂိုလ်တွေကို လေ့လာပြီး မဲပေးဖို့ အဲဒါကိုပြောပါတယ်။ အပြောင်းအလဲဖြစ်ဖို့ အတွက် ကြိုးစားနေတဲ့ ကာလမှာ ပြည်သူတွေပါ ပူးပေါင်းပါဝင်ဖို့၊ မဲပေးတဲ့ အခါမှာ ကိုယ်တိုင်အသိနဲ့ သေချာစဉ်းစား ပြီးတော့ ပေးကြဖို့ပဲ ပြောပါတယ်။ ကတိတွေကတော့ ဘာမှမပေးပါဘူး” ဟု ဆိုသည်။
ဒီမိုကရေစီနိုင်ငံအဖြစ် ပီပြင်စွာ အကောင်အထည် ဖော်နိုင်ရန်အတွက် ၂၀၀၈ ဖွဲ့စည်းပုံ ပီပီပြင်ပြင် ပြင်ဆင်နိုင်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ပြည်တွင်း စစ်ရပ်စဲရေး၊ တန်းတူညီမျှသော ဖက်ဒရယ်ပြည်ထောင်စု စနစ် ဖော်ဆောင်နိုင်ရေးစသည့် အပြောင်းအလဲများအတွက် ပြည်သူများ အားလုံးပါဝင်ပေးရန် လိုကြောင်းလည်း ဦးအေးသာအောင် က ပြောကြားသည်။
ဦးအေးသာအောင်သည် ရခိုင်ပြည်နယ်မြေပုံ-မင်းပြားမြို့နယ် မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး စက်တင်ဘာ လလယ်ပိုင်းမှ စတင်၍ ရခိုင်ပြည်နယ် မင်းပြားမြို့နယ်နှင့် မြေပုံမြို့နယ်အတွင်း မဲဆွယ်စည်းရုံးမှု ပြုလုပ်လျက်ရှိပြီး ကျေးရွာပေါင်း ၂၀ ခန့်သို့ သွားရောက်ခဲ့ပြီး ဖြစ်ကြောင်းလည်း သိရသည်။
 “လက်ရှိအစိုးရ အနေနဲ့ကတော့ မကြိုက်တဲ့ လုပ်ရပ်တွေဆိုတာထက် မလုပ်သင့်တဲ့ ဟာတွေနဲ့ နောက်အချိန်မဆွဲဘဲ မြန်မြန်ဆန်ဆန်လုပ်ရမယ့် ကိစ္စတွေမှာ ကြာနေတာတွေကတော့ ထောက်ပြစရာရှိတယ်။ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် အပစ်အခတ်ရပ်စဲရေး လုပ်နေတယ်။ ဒါကြာနေပြီ။ သို့သော် ပီပီပြင်ပြင်က ဖြစ်မလာသေးဘူး။ ဆိုးတာက ဘယ်လို အာမခံချက်ပေးမလဲ။ ပြည်သူအတွက်၊ တိုင်းရင်းသားတွေ အတွက်ပေါ့။ နောက်မဖြစ်သင့်တဲ့ ကိစ္စတွေဆိုရင် ဒီ ဒီမိုကရေစီ ကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွဲမှု လုပ်ရပ်လိုမျိုး၊ လယ်သမားတွေ၊ ပြည်သူတွေ နိုင်ငံရေးပုဒ်မတွေနဲ့ ဖမ်းဆီးခံရတာမျိုးပေါ့။ ဆိုတော့ ပြည်သူအနေနဲ့က ဒီလို တွေ ဆက်မဖြစ်ဖို့၊ နောက်အပြောင်းအလဲကောင်းတွေ အတွက်က ကိုယ်တိုင်စဉ်းစားပြီး မဲပေးဖို့လိုတယ်” ဟု ဦးအေးသာအောင်က ဆက်လက်ပြောကြားသည်။
 “လက်ရှိ စည်းရုံးရေးဆင်းတဲ့အခါမှာတော့ ပြည်သူတွေက မေးခွန်းမေးတာတွေ သိပ်မရှိသလောက်ပါပဲ။ အဓိက,ကတော့ မဲဆွယ်စည်းရုံးရေးကာလမှာ ကျွန်တော်တို့ သွားတဲ့ ရွာတွေမှာ ကျွန်တော်တို့ကတော့ ထောက်ခံမှု အပြည့်အ၀ရတယ်။ ဒါပေမဲ့ တစ်ခုပေါ့။ ကျွန်တော်တို့ ရခိုင်အမျိုးသားပါတီ အနေနဲ့က ပြည်ထောင်စုမူ၊ အမျိုးသား ပြည်နယ်များနဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရှိတဲ့  ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး အတွက် ကြိုးပမ်းမယ့်ပါတီ၊ အမျိုးသားရေးကို စွမ်းစွမ်းတမံဆောင်ရွက်မယ့် ပါတီတစ်ခုဖြစ်တဲ့အတွက် မဲပေးသင့်တယ် ဆိုတာမျိုး ကျွန်တော်တို့ ရှင်းပြပါတယ်” ဟု ဆိုသည်။
လက်ရှိတွင် ပြည်သူများသာမက နိုင်ငံရေးပါတီများကပါ ရွေးကောက်ပွဲနှင့် ပတ်သက်၍ သံသယစိတ်များ ရှိနေဆဲဖြစ်ပြီး လာမည့်ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်၊ မဖြစ်မှာမူ မဲဆွယ်စည်းရုံးရေးကာလနှင့် မဲထည့်သည့် အချိန်မှသာ သိရှိနိုင်မည်ဖြစ်သဖြင့် ပြောရန်ခက်သေးကြောင်း ဦးအေးသာအောင်က ပြောကြားသည်။
http://news-eleven.com/

Post a Comment

 
Top