NLD ပါတီ နာယက သူရဦးတင်ဦး သရက်မြို့တွင် ရွေးကောက်ပွဲ အောင်နိုင်ရေး ဟောပြောစဉ်
ပယ်မဲများနှင့် အနိုင်ရချင်၍ ကြိုးစားနေသလားဟု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသော မဲစာရင်းတွင် အမှားအယွင်း များနေမှုအပေါ် NLD ပါတီနာယက သူရဦးတင်ဦးက သရက်မြို့ NLD ပါတီ လွှတ်တော် ကိုယ်စားလှယ်လောင်းများကို ပြည်သူလူထုထံ အပ်နှံခြင်းနှင့် လူထုဟောပြောပွဲ အခမ်းအနားတွင် မေးခွန်းထုတ်ခဲ့သည်။
NLD ပါတီ ဗဟိုအောင်နိုင်ရေး ကော်မတီဥက္ကဋ္ဌ သူရဦးတင်ဦးက “ရွေးကောက်ပွဲ တစ်ခုလုပ်မယ်ဆိုရင် မဲဆန္ဒရှင်တွေရဲ့ မဲပေးမှုက အရေးကြီးပါတယ်။ သူတို့ရဲ့ မဲတစ်ပြားဟာ သိပ်အရေးကြီးပါတယ်။ ဒါကြောင့် မဲဆန္ဒရှင်များဟာ မဲပေးနိုင်ခွင့် ရအောင်ဖြစ်ဖို့ အရေးကြီးပါတယ်။ မဲစာရင်း ထွက်လာတဲ့အခါ ပထမထွက်လာတဲ့ မဲစာရင်းက အားလုံး ကမောက်ကမ ဖြစ်တယ်ဆိုတာ အားလုံး သိတဲ့အတိုင်းပဲ။ သို့သော်လည်း နောင်ပြင်ဆင်မှာ ဖြစ်တဲ့အတွက် ဒီမှာကတော့ နောက်ကျထည့်တဲ့ မြို့နယ်တွေ ဖြစ်မယ်ထင်တယ်။ ရန်ကုန်မှာကတော့ အသုတ်လိုက် အသုတ်လိုက် မဲစာရင်း ကပ်ပါတယ်။ မဲစာရင်းကပ်ပြီး ကြည့်တဲ့နေရာမှာလည်းပဲ အခက်အခဲတွေ ရှိလာသော်လည်း နောက်ပိုင်းမှာ သက်ဆိုင်ရာ ကော်မရှင်တွေနဲ့ ညှိနှိုင်းပြီးတော့ ပြေလည်အောင် လုပ်ကိုင်နိုင်တဲ့ အခြေအနေ ဖြစ်ခဲ့ပါတယ်။ အဲဒီမှာလည်းပဲ ပြင်ဆင်လိုက်မယ်ဆိုပြီး သွားပြင်ကြတဲ့ လူတွေရှိကြတယ်။ တချို့လည်းပဲ သွားပြင်အောင် တိုက်တွန်းပါတယ်။ သွားပြင်ကြပါတယ်။ လုပ်ကြပါတယ်။ ဒုတိယအကြိမ် ထွက်လာတဲ့ မဲစာရင်းမှာ အတော်အတန်အတင့် ပြင်ထားတာလေး တွေ့တဲ့အတွက် အားရဖွယ်ငြားသော်လည်း အခုလာမယ့် ရွေးကောက်ပွဲမှာ နောက်ဆုံး ထုတ်ပြန်လိုက်တယ်ဆိုတဲ့ ပြီးခဲ့တဲ့ ၈ ရက်က ထုတ်တဲ့ မဲစာရင်းမှာတော့ ပိုမိုဆိုးရွား လာတာကို တွေ့ရတယ်လို့ ကျွန်တော်ကတော့ ပြောချင်ပါတယ်” ဟု ပြောကြားသည်။
ဆက်လက်ပြီး “အရင်တုန်းကတော့ မဲစာရင်းနဲ့ ပတ်သက်လို့ လုပ်တာ ကြိုတင်မဲနဲ့ ဗြောင်နိုင်သွားကြတယ်။ အခုတစ်ခါကျတော့ ဘာလုပ်ဦးမလဲဆိုတော့ ပယ်မဲနဲ့ အနိုင်ယူဦးမလား၊ ကြိုးစားနေသလား လို့တောင်မှပဲ မေးခွန်းထုတ်ချင်ပါတယ်” ဟု NLD ပါတီ ဗဟိုအောင်နိုင်ရေး ကော်မတီဥက္ကဋ္ဌ သူရ ဦးတင်ဦးက ပြောကြားသည်။
အဆိုပါ သရက်မြို့နယ်တွင် ပြုလုပ်သော NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် လောင်းများကို ပြည်သူလူထုထံ အပ်နှံခြင်းနှင့် လူထုဟောပြောပွဲ အခမ်းအနားကို သရက်၊ မင်းတုန်း၊ မင်းလှစသော ဒေသမှ ဒေသခံထောင်ချီ တက်ရောက်ခဲ့ကြောင်း သိရသည်။
Writer:
သက်ပိုင်ဇော်
http://news-eleven.com/

Post a Comment