0

အထက်မှ ညွှန်ကြားချက်ဖြင့် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ မြန်မာ့မီးရထား စက်ခေါင်းစက်ရုံ (အင်းစိန်) ၀န်ထမ်းများနှင့် မိသားစုဝင်များ၏ မဲစာရင်း နံပါတ်များကို ဌာနမှ စက်တင်ဘာ ၂၃ တွင် တောင်းခံမှုများ ရှိနေကြောင်း ၀န်ထမ်းများက ပြောကြားသည်။
“ကျွန်တော်တို့ကို တောင်းတာက ကျွန်တော်တို့ မဲစာရင်း နံပါတ်အပြင် ကျွန်တော်တို့ မိသားစုတွေရဲ့ မဲစာရင်း နံပါတ်တွေကိုပါ တောင်းတယ်။ ကျွန်တော်တို့ကို စက်တင်ဘာ ၂၂ ရက်ကမှ အားချင်းပြောပြီး ဒီနေ့ (စက်တင်ဘာ၂၃ ရက်) မှာ ပေးရတယ်။ ကျွန်တော့် မိသားစုကတော့ ကျွန်တော်အပါအ၀င် နှစ်ယောက်ပေါ့” ဟု လုပ်သက် ၁၅ နှစ်ရှိသော ၀န်ထမ်းတစ်ဦးက ပြောကြားသည်။
ထိုသို့ ဌာနမှ မဲစာရင်းနံပါတ်များကို တောင်းခံရာတွင် မည်သည့် အကြောင်းပြချက်မှ ပြောကြားခြင်းမရှိဘဲ အထက်မှ ညွှန်ကြားသည်ဟုဆိုကာ တောင်းခံခြင်းဖြစ်ကြောင်း ၀န်ထမ်းများထံမှ သိရသည်။
“ကျွန်တော်တို့မေးတော့ သူတို့က ငါတို့လည်း မသိဘူး။ အထက်က တောင်းလို့ သူတို့က လုပ်ရတာဆိုတော့ အမှန်တကယ် ပြောရရင်တော့ ၀န်ကြီးတွေကနေ စီအမ်အီးကို ညွှန်ကြားမယ်။ စီအမ်အီးကမှ ဌာနဆိုင်ရာ ဂျီအမ်တွေကို ညွှန်ကြားမယ်။ အေအမ်အီး ဂျီအမ်အီးတွေကနေ ရုံဖိုဝင်တွေကို တာဝန်ပေးမယ်။ ရုံဖိုဝင်တွေကနေ စာရေးကို မင်းစာရင်း ကောက်လိုက်ဆိုရင် စာရေးက လုပ်ပေးရမှာပဲ။ စာရေးကတော့ ဘာမှ သိပ်မသိဘူးပေါ့။ လူကြီးပိုင်းလောက်ပဲ သိမယ်။ သူတို့လုပ်မယ့် အနေအထားကို သူတို့ပဲသိမှာပေါ့” ဟု လုပ်သက် ၁၅ နှစ်ရှိသူ ၀န်ထမ်းက ပြောကြားသည်။
ထိုသို့ ဌာနမှ မဲစာရင်းနံပါတ် တောင်းခံခြင်းနှင့် ပတ်သက်၍ ၀န်ထမ်းများအနေဖြင့်  နယ်ပြောင်းရွှေ့ခြင်း ခံရမည်ကို ကြောက်ရွံ့သောကြောင့် မဖြစ်မနေ မဲစာရင်းနံပါတ်များကို ပေးလိုက်ရကြောင်း သိရသည်။
“သူတို့ တောင်းတဲ့ မဲစာရင်းကို ကျွန်တော်တို့က မပေးဘူးဆိုရင် ဘာလုပ်မလဲ ဆိုတာတော့ မပြောတတ်ဘူး။ ဒါပေမဲ့ သူတို့လက်ထဲမှာပဲရှိတယ်။ ဒီလူတစ်ယောက် ကလန်ကဆန် လုပ်မယ်ဆိုရင် စာထွက်လာမှ သိမှာ။ ဘယ်နယ်ကို ဆိုပြီးတော့ စာထုတ်လိုက်မယ်။ ဒီတိုင်းဘလိုင်းကြီးကတော့ ပြဿနာရှာမှာ မဟုတ်ဘူး။ လူကြီးဆိုတာကတော့ လက်သိပ်ထိုး လက်မှတ်ထိုးပြီးတော့ ဘယ်နယ် ဥပမာ ဘူးသီးတောင် မောင်တောတို့ မော်လမြိုင်ဆို မော်လမြိုင်ပေါ့။ ကချင်ပြည်နယ်ဆို ကချင်ပြည်နယ် အဲဒီလိုမျိုး လွှတ်လိုက်မှာ။ လုပ်ပိုင်ခွင့်က သူတို့လက်ထဲမှာပဲ ရှိတာကိုး။ မပေးတဲ့သူကတော့ မပါလို့ မပေးတာဘဲရှိတယ်” ဟု ၀န်ထမ်းတစ်ဦးက ဆိုသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ မဲပေးရာတွင် ၎င်းတို့နေထိုင်သည့် နေရာ၌သာ မဲပေးမည့်မဲမှာ ပယ်မဲဖြစ်သွားမည်ကို စိုးရိမ်ကြောင်း ၀န်ထမ်းတစ်ဦးက ပြောကြားသည်။
“ဒါကြီးကတော့ ကျွန်တော့်အနေနဲ့ မဖြစ်သင့်ဘူးလို့ ထင်တယ်။ ဘာလို့ မဖြစ်သင့်လဲဆိုရင် အကျိုးအကြောင်း ဆီလျော်မှု လေးပေါ့။ ဘယ်သူ့အတွက်ကို ငါတို့ကတော့ ပေးရမှာမို့လို့ ကောက်တယ်ဆိုလို့ရှိရင် ထားလိုက်တော့။ အခုဟာက ဘယ်သူ ဘယ်ဝါ မှန်းမသိဘဲနဲ့ မဲစာရင်းနံပါတ်ကြီး ကောက်သွားပြီး ကျွန်တော်တို့က ဒီမှာမဲပေးပြီးတော့ ဒီက မဲက ပယ်မဲဖြစ်ပြီး သူတို့ကို ပေးလိုက်တဲ့ ကျွန်တော်တို့ မဲနံပါတ်နဲ့ သူတို့က ထည့်လိုက်မယ်ဆို ဒီမှာမဲပေးတာက အလဟဿဖြစ်သွားပြီ။ ဒါမျိုး ကျွန်တော်တို့လည်း ကိုယ့်ရဲ့ ဆန္ဒမပါတဲ့ အလုပ်တစ်ခုကို မလုပ်ချင်ဘူး” ဟု လုပ်သက် ရှစ်နှစ်ရှိသူ ၀န်ထမ်းတစ်ဦးက ပြောကြားသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးဇော်မင်းဦးက “ပထမ မဲစာရင်းမပါသူများကို ပြုစာရင်းများ ပြုစုပေးပါတယ်။ နောက်ပြင်ဆင်ထားသူတွေကို စာရင်းကောက်ပါတယ်။ မဲစာရင်းတစ်ကြိမ် တစ်ခါမှ မပါတဲ့ သူတွေကို ပြုစုတယ်။ ကျွန်တော်တို့ ဥပဒေနဲ့ မညီတာ ဘာမှ မလုပ်ပါဘူး” ဟု ပြောကြားသည်။
“၀န်ကြီးဌာနအနေနဲ့ အခုကောက်လိုက်တဲ့ စာရင်းတွေက ဘယ်အထဲ ရောက်သွားမလဲဆိုတာ ကျွန်တော်တို့လည်း မသိဘူး။ ဒါက ကြိုတင်မဲအနေနဲ့ ဖြစ်သွားနိုင်မလား။ ကျွန်တော်တို့ စဉ်းစားတဲ့ တစ်ချက်ပေါ့။ ကျွန်တော်တို့ NLD အနေနဲ့ အဲဒါကို စိုးရိမ်တယ်။ နောက်တစ်ခုက အထက်ပါဝါနဲ့ ခြိမ်းခြောက်တဲ့ကိစ္စ အဲဒါကိုတော့ လုံးဝ မကြိုက်ဘူး” ဟု အင်းစိန်မြို့နယ် NLD အလုပ်အမှုဆောင်အဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးကျော်ဇင်မိုးက ပြောကြားသည်။
အင်းစိန်မြို့နယ် အနောက်ကြို့ကုန်းရပ်ကွက် ရပ်ကျေးကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက မီးရထား စက်ခေါင်းစက်ရုံမှ ၀န်ထမ်းများ အနေဖြင့် မဲစာရင်း နံပါတ်များကို လာရောက်ထုတ်ယူရာတွင် ၎င်းတို့၏ မိသားစုဝင်များ အတွက်ပါ ထုတ်ယူကြောင်းနှင့် လာရောက်ထုတ်ယူသည့် ၀န်ထမ်းများ၏ ပြောကြားချက်အရ စက်တင်ဘာ ၂၃ ရက်တွင် အလုပ်ရုံကို ပေးရမည်ကိုသာ သိကြောင်း ပြောကြားသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက “မရိုးမသားလုပ်တယ် ဆိုတာက ဒီအချိန်မှာတော့ မပေါ်နိုင်ဘူး။ အခုဟာက ရွေးကောက်ပွဲ အကြိုကာလလေ။ အဲဒီတော့ မပေါ်လွင်နိုင်ဘူး။ တကယ်လို့ မရိုးမသား လုပ်တယ်ဆိုရင် သူတို့ရဲ့ မရိုးမသားလုပ်မှုက ဘယ်အချိန်မှာ ပေါ်လွင်မလဲဆိုတော့ ရွေးကောက်ပွဲ ကာလမှာ ပေါ်လာလိမ့်မယ်။ တကယ် မဲပေးတဲ့ အချိန်ကျမှ မရိုးမသား လုပ်တာက ပေါ်လာမှာလေ။ အဲဒီချိန်ကျရင် အဲလိုမျိုး ပေါ်လာတယ်ဆိုရင် အဘတို့ ကော်မရှင်ကို ပြောပါ။ ရန်ကုန်တိုင်း ကော်မရှင်ကို ပြောပါ။ တစ်ဖက်က ကိုယ်စားလှယ်လောင်းကိုလည်း ပြောလို့ရတယ်။ ပြိုင်ဘက်ကိုယ်စားလှယ် လောင်းကိုလည်း ပြောလို့ရတယ်။ အဲဒီတော့ ဒီလို မရိုးမသား လုပ်ပါတယ်ဆိုတာ ပြိုင်ဘက် ကိုယ်စားလှယ်လောင်းက ကန့်ကွက်လို့ ရတယ်။ သူက ဘာလဲဆို ဒီဝန်ကြီးဌာနက ကိုယ်စားလှယ်လောင်း တစ်ယောက်ယောက်အတွက် မရိုးမသား လုပ်တယ်လို့ ခြေရာခံမိလို့ရှိရင် အဲဒီမဲဆန္ဒနယ်မှာ သူနဲ့အတူပြိုင်ပွဲဝင်တဲ့ အခြားကိုယ်စားလှယ် လောင်းတွေကို အဲဒီသတင်းပေးလိုက်။ ပေးလိုက်ရင် အဲဒီကိစ္စကို ကိုယ်စားလှယ်လောင်းတွေကမှ ဒီလူရတဲ့ မဲတွေဟာ မတရားသဖြင့်ရတဲ့ မဲတွေပါ။ သူက ဒီလို ဒီလို သူ့ဌာနနဲ့ ပေါင်းပြီးတော့ ဒီလိုလုပ်လို့ရတဲ့ မဲတွေပါ။ ဒါကြောင့် သူဟာ ဒီလောက်မဲ မရထိုက်ဘူး။ မရိုးမသားလုပ်လို့ ဒီလောက်မဲတွေ ရနေတာ။ အဲဒါကို စိစစ်ပေးပါ။ ကျွန်တော်တို့ ကန့်ကွက်ပါတယ်လို့ သူရတဲ့ မဲတွေကို ဆိုပြီးတော့ ဒါဥပဒေထဲမှာလည်း ပါ ပါတယ်။ အဲဒီလိုမျိုး မဲဆန္ဒနယ် တစ်ခုတည်းမှာ အတူတူ ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းက ကန့်ကွက်လို့ရှိရင် ရွေးကောက်ပွဲ ကော်မရှင်က ခုံဖွဲ့ပြီး စစ်ပါ့မယ်။ စစ်တဲ့အခါကျတော့ မှန်တယ်ဆိုလို့ရှိရင် အဲဒါဆိုရင် အရေးယူလို့ရပြီ။ သူရှုံးသွားပြီပေါ့။ အန်ကယ်တို့ ဥပဒေကတော့ အဲဒီလိုပဲ လုပ်ပေးလို့ရတယ်။ ဒါကော်မရှင် လမ်းကြောင်းပေါ့နော်” ဟု ပြော ကြားသည်။                                

Writer: 
ဆန်းမိုးထွန်း

http://news-eleven.com/

Post a Comment

 
Top