0

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ ဥက္ကဋ္ဌဟောင်းဖြစ်သူ သူရဦးရွှေမန်းက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီသို့ ကူးပြောင်းလာမည် ဆိုပါက ပါတီဝင်အဖြစ် လက်ခံနိုင်ကြောင်းနှင့် သူရဦးရွှေမန်းကို NLD ပါတီက တင်မြှောက်မည့် သမ္မတလောင်းအဖြစ် လက်ခံမည်ဆိုပါက ပါတီအတွင်း ပြဿနာ များစွာရှိနိုင်ကြောင်း NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဉာဏ်ဝင်း၏ ထုတ်ဖော်ပြောကြားချက်သည် များစွာ တွေးတောစဉ်းစားဖွယ် နိုင်ငံရေး ကစားကွက်တစ်ခုအဖြစ် ရှုမြင်ရပေသည်။
ကြံ့ခိုင်ရေးပါတီ၏ ထိပ်ဆုံးရာထူးမှ သန်းခေါင်ယံ အာဏာသိမ်းပွဲဖြင့် အငြင်းပွားဖွယ် ဖယ်ရှားခံလိုက်ရသော သူရဦးရွှေမန်းနှင့် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ အကြား နှစ်ဖက်ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များနှင့် ပါတီဝင်များကို အသိပေးခြင်းမရှိဘဲ ပုဂ္ဂိုလ်ရေး သီးသန့်တွေ့ဆုံမှုများ ရှိနေခြင်းသည် ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရှိစေရန် ပြင်ဆင်မည့် ကစားကွက် အတွက် ကြိုတင်ညှိနှိုင်း သဘောတူညီချက် ရယူခြင်းလည်း ဖြစ်နိုင်ပေသည်။
ပြီးခဲ့သည့် နှစ်ကုန်ပိုင်းခန့်က ရိုက်တာသတင်းဌာနနှင့် NLD ပါတီမှ ထိပ်တန်း တာဝန်ရှိသူ အချို့နှင့် တွေ့ဆုံမေးမြန်းရာတွင် သူရဦးရွှေမန်းကို NLD ပါတီ၏ သမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ပြောဆိုချက် ထွက်ပေါ်လာခဲ့သော်လည်း နောက်ပိုင်းတွင် ယင်းသတင်းကို NLD ပါတီက မဟုတ်မမှန်ကြောင်း ငြင်းဆိုခဲ့ခြင်းမှာ စဉ်းစားစရာ အချက်တစ်ချက် ဖြစ်သည်။
ထို့အပြင် ကြံ့ခိုင်ရေးပါတီတွင်း အာဏာသိမ်းမှုအပြီး သူရဦးရွှေမန်းနှင့် ဘီဘီစီသတင်းဌာနတို့ တွေ့ဆုံ မေးမြန်းရာတွင်လည်း သမ္မတဦးသိန်းစိန်နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တစ်ဖက်၊ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူလူထုနှင့် ၎င်းတို့က တစ်ဖက်ဟု ပြောဆိုသွား ခဲ့ခြင်းမှာလည်း အထက်ပါအချက်များကို ပံ့ပိုးပေးသော တွေးတောဖွယ်ရာ အချက်တစ်ချက်ဖြစ်သည်။
မကြာသေးခင်က ဦးကိုကိုကြီးအပါအဝင် ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်များကို NLD ပါတီ၏ ကိုယ်စားလှယ်လောင်း စာရင်းမှ ချန်လှပ် ထားခဲ့ခြင်းသည်လည်း သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည် တို့အကြား အများပြည်သူအား ထုတ်ဖော်ကြေညာ၍ မဖြစ်သေးသော ကြိုတင် ကတိကဝတ် ပြုထားမှုများအရ မတတ်သာ၍ လက်တွဲဖြုတ်ခဲ့ခြင်း ပေလောဟု စောကြောဖွယ် ဖြစ်သွားခဲ့သည်။
ဆိုလိုသည်မှာ ဦးကိုကိုကြီးသည် အရည်အချင်းနှင့် စွမ်းဆောင်ရည်အရ NLD ပါတီတွင် ဒေါ်အောင်ဆန်းစုကြည် ပြီးလျှင် ဒုတိယမျိုးဆက် ခေါင်းဆောင်အဖြစ် တာဝန်ယူနိုင်စွမ်း ရှိသူဖြစ်ပြီး လိုအပ်ပါက ဒုတိယသမ္မတလောင်း စာရင်းအဖြစ် အမည်စာရင်း တင်သွင်းရန် အလားအလာရှိသူ ဖြစ်နေရာ ဒေါ်အောင်ဆန်းစုကြည်သည် ယင်းနေရာအတွက် သူရဦးရွှေမန်းနှင့် အပေးအယူ လုပ်ထားပြီး ဖြစ်နေသောကြောင့် ဦးကိုကိုကြီးအား ချန်ထားခဲ့ခြင်း ဖြစ်ပုံရခြင်းကို ဆိုလိုသည်။
ဒေါ်အောင်ဆန်းစုကြည် အနေနှင့်လည်း ၂၀၁၂ ရွေးကောက်ပွဲဝင်ရသည့် ရည်ရွယ်ချက်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန်ဟု ဆိုထားသည့်အတွက် ထိုရည်ရွယ်ချက် အထမြောက်စေရန် သူရဦးရွှေမန်းနှင့် အကြိမ်ပေါင်းများစွာ သီးသန့်တွေ့ဆုံကာ ညှိနှိုင်းတိုင်ပင်ပြီး နိုင်ငံရေးကစားကွက် ခင်းခြင်း ဖြစ်နိုင်ပေသည်။
ထို့အတူ သမ္မတဖြစ်လိုသည်ဟု အကြိမ်ကြိမ် ထုတ်ဖော်ပြောဆိုထားသူ သူရဦးရွှေမန်း အနေနှင့်လည်း ကြံ့ခိုင်ရေးပါတီတွင် လက်ရှိသမ္မတ ဦးသိန်းစိန်နှင့် ယှဉ်ပြိုင်ရပါက သမ္မတလောင်း အမည်စာရင်း တင်သွင်းခံရရန် မသေချာသောကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် မိတ်ဖက်ပြုကာ ၎င်း၏ သမ္မတအိပ်မက်ကို ဆက်မက်ရန် ဒေါ်ဆောင်ဆန်းစုကြည်၏ ကစားကွက်ကို ၎င်း၏ ကစားကွက်ဖြင့် ရောကာ မျှောလိုက်နေခြင်း ဖြစ်ပုံရသည်။
မည်သို့ပင်ဖြစ်စေ လာမည့်ရွေးကောက်ပွဲတွင် မဲအများစု ရရှိလိမ့်မည်ဟု တွက်ဆထားသော NLD ပါတီနှင့် တပ်မတော်၏ ၂၅ ရာခိုင်နှုန်းနှင့် ချိန်ဆကာ ၂၆ ရာခိုင်နှုန်း အနိုင်ရရှိစေရန် နည်းလမ်းပေါင်းစုံသုံးကာ ကြိုးစားလာမည့် ကြံ့ခိုင်ရေးပါတီတို့ အကြား ယှဉ်ပြိုင်မှုတွင် လက်ရှိသမ္မတ ဦးသိန်းစိန် နောက်သက်တမ်း တစ်ကြိမ် ထပ်အရွေးခံရမည်လော၊ NLD ပါတီ၏ အဆိုပြုမှုဖြင့် သူရဦးရွှေမန်း သမ္မတဖြစ်လာမည်လော ဆိုသည်မှာ စောင့်ကြည့်ရန်သာ ရှိကြောင်း ပြောလိုရင်းဖြစ်သည်။
အယ်ဒီတာ (၉-၉-၂၀၁၅)
---------------------
Editorial, The Voice Daily Vol-3/No-132 (‪#‎voiceeditorial‬)

Post a Comment

 
Top