အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများအကြား ညှိနှိုင်းနေကြသည့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ယခုလ ၂၉ ရက်နေ့ တွင် လက်မှတ်ရေးထိုးကြရန် သမ္မတ ဦးသိန်းစိန် က ယနေ့ဆွေးနွေးပွဲတွင် ကမ်းလှမ်းလိုက်ကြောင်း ဟုသိရသည်။
"သမ္မတကြီးက တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များရဲ့ ကိုယ်စားလှယ်ခေါင်းဆာင်များသို့ NCA လက်မှတ်ရေးထိုးဘို့ရက်ကို ၂၀၁၅ စက်တင်ဘာလ ၂၉ ကိုဆောင်ရွက်နိုင်ဘို့ ညှိနိုင်းကမ်းလှမ်းလိုက်ပါပြီ" ဟု အစည်းအဝေး တက်ရောက်နေသည့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး၊ ပြန်လည်ထူထောင်ရေး ဗဟိုလုပ်ငန်းဌာန (MPC) ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးလှမောင်ရွှေက သူ့၏ လူမှုကွန်ရက် Facebook စာမျက်နှာတွင် ရေးသားထားသည်။
NCA လက်မှတ်ရေးထိုးနိုင်ရန် သမ္မတ ဦးသိန်းစိန်၊ အစိုးရ အဖွဲ့ ၀င်များ၊ တပ်မတော် ကိုယ်စားလှယ် တဦး၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားများဘက်မှ ခေါင်း ဆောင် ၅ ဦး၊ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့ (SD)မှ ကိုယ်စားလှယ် ၃ ဦးနှင့် တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) မှ တဦး တက်ရောက်လျက်ရှိပြီး နေပြည်တော်တွင် ယနေ့နံနက်ပိုင်းမှ စတင်ကာ တွေ့ဆုံဆွေးနွေးနေသည်။
သမ္မတ ကမ်းလှမ်းလိုက်သည့်ရက်ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များဘက်မှ တုန့်ပြန်သံ မကြားသိရသေးပေ။
ယနေ့ဆွေးနွေးပွဲတွင် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များက NCA လက်မှတ်ရေးထိုးရေးတွင် ဘဝတူ တိုင်းရင်းသား အဖွဲ့များ တပြိုင်တည်း ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးအတွက် အဓိကထား ဆွေးနွေးကြမည်ဖြစ်ပြီး NCA စာချုပ် လွှတ်တော် ဖြတ်သန်းရေး ကိစ္စရပ်များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
သတင်း - ကျော်ခ၊ ဓာတ်ပုံ - နန်းလွင်နှင်းပွင့်၊ ဧရာဝတီ
Post a Comment