ရေပူဆရာတော်အား လာရောက်ဂါရ၀ပြုသည့် ကျောင်းသားများနှင့် ကိုရင်များကို တွေ့ရစဉ်
သာသနာညှိုးနွမ်းစေမှု၊ တရားမ၀င် ကျောက်မျက်တူးဖော်မှုနှင့် သစ်စုပုံမှုတို့ဖြင့် လူဝတ်လဲ တရားစွဲဆို ဖမ်းဆီးခံထားရသော မိုးကုတ်မြို့ ရေပူကျောင်း ဆရာတော်အား ကျောက်မျက်ဥပဒေနှင့် ပက်သက်၍လာမည့် ရုံးချိန်းတွင် စွဲချက်တင်သင့်၊ မတင့်သင့်အမိန့် ချသွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၇ ရက် ရုံးချိန်းတွင် ခရိုင်တရားသူကြီး ဒေါ်သဇင်ရွှေက ပြောကြားသည်။
ကျောက်မျက်ဥပဒေနှင့် ပတ်သက်၍ စက်တင်ဘာ ၇ ရက် နံနက်ပိုင်းက ပြင်ဦးလွင် ခရိုင်တရားရုံးတွင် ၁၀ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ပြီး တရားလိုပြ သက်သေအဖြစ် မိုးကုတ်မြို့ မြို့မရဲစခန်းမှူး ဒုရဲမှူးသိန်းဝင်းနှင့် ဒုရဲအုပ်ဆန်းလွင်တို့အား နှစ်ဖက်ရှေ့နေများက အပြန်အလှန် စစ်ဆေးမေးမြန်းခဲ့ပြီးနောက် ခရိုင်တရားသူကြီးက လာမည့်ရုံးချိန်းတွင် စွဲချက်တင်သင့်၊ မတင်သင့်ကို အမိန့်ချသွားမည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
“ကျောက်မျက်ပုဒ်မနဲ့ ပတ်သက်ပြီး တရားလိုပြသက်သေတွေ အကုန်စစ်ဆေးပြီးသွားပြီ။ စွဲချက်ပေါ်မှာကြည့်ပြီး စွပ်စွဲခံရတဲ့ ဆရာတော်ဘက်ကနေ သက်သေဘယ်နှစ်ယောက်လောက် ထွက်ဆိုမယ်ဆိုတာ သိရမှာပါ” ဟု ရေပူဆရာတော်၏ အကျိုးတော်ဆောင် တရားလွှတ်တော်ရှေ့နေ ဒေါ်မြနီလာစိုးက ပြောကြားသည်။
ယခုတစ်ကြိမ်ရုံးထုတ်တွင် ရေပူကျောင်းဆရာတော်မှ ကျောင်းထားပေးသည့် ကလေးငယ်များနှင့် ကိုရင်များ လာရောက်တွေ့ဆုံခဲ့ပြီး ဆရာတော်က ကလေးငယ်များနှင့် ကိုရင်များအား ပညာရေးကို ဆက်လက်ကြိုးစား သင်ယူရန် မိန့်ကြားခဲ့သည်။
သစ်မှု၊ သာသနာညှိုးနွမ်းစေမှုနှင့် ပတ်သက်၍ သုံးကြိမ်မြောက် ရုံးထုတ်ကို စက်တင်ဘာ ၉ ရက်တွင် ပြင်ဦးလွင်မြို့နယ် တရားရုံး၌သာ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့ရှိ ရေပူကျောင်းဆရာတော်အား တရားမ၀င် ကျောက်မျက်တူးဖော်ခြင်းနှင့် သစ်စုပုံထားခြင်း အပါအ၀င် စေတီများ ဖြိုဖျက်မှုဖြင့် ဇွန် ၉ ရက် ညပိုင်းက ၀င်ရောက်ဖမ်းဆီးခဲ့ပြီး စေတီများဖြိုဖျက်မှုနှင့် ပတ်သက်၍ (ပ)၆၄ /၂၀၁၅ ပြစ်မှုပုဒ်မ၂၉၅ ဖြင့်လည်းကောင်း၊ မြေစာများအား ရေပိုက်များဖြင့် ထိုးပက်မှုကို (ပ)၆၃/ ၂၀၁၅ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေပုဒ်မ ၄၁ (က) (ခ)အရ လည်းကောင်း၊ သစ်စုပုံထားခြင်းနှင့် ပတ်သက်၍ သစ်တောပုဒ်မ ၄၂ (ခ) ဖြင့် အမှုဖွင့် အရေးယူထားရှိကြောင်း၊ ရေပူကျောင်းဆရာတော်ကို ဇွန် ၂၃ ရက် နံနက်ပိုင်းက မိုးကုတ်မြို့နယ် တရားရုံးတွင် ပထမအကြိမ်ရုံးထုတ်မှု ပြုလုပ်ခဲ့ပြီး ဒုတိယအကြိမ် ရုံးထုတ်မှုကို ဇူလိုင် ၇ ရက်က ပြင်ဦးလွင်ခရိုင်တရားရုံးသို့ ပြောင်းရွှေ့ရုံးထုတ်ခဲ့ပြီး ကျောက်မျက်ဥပဒေနှင့် ပတ်သက်၍ ၁၁ ကြိမ်မြောက်ရုံးထုတ်ကို စက်တင်ဘာ ၁၄ ရက်တွင် ပြုလုပ်သွားမည် ဖြစ်သည်။
ယခင်က ရေပူကျောင်းဆရာတော်ကို မိုးကုတ်မြို့ တောင်ကချင်ရပ်ရှိ အချုပ်ထောင်တွင် ထားရှိရာမှ ဇူလိုင် ၂ ရက်တွင် ပြင်ဦးလွင်သို့ ပြောင်းရွှေ့ခဲ့ပြီး ဇူလိုင် ၇ ရက်မှစတင်၍ ယနေ့အချိန်ထိ မန္တလေးအိုးဘို အကျဉ်းထောင်သို့ ပြောင်းရွှေ့ထားရှိကြောင်း သိရသည်။
Writer:
အောင်သူ
အောင်သူ
Post a Comment