စိုင်းထွန်းအောင်လွင်
မြန်မာနိုင်ငံ၏ အနာဂတ်မျိုးဆက်သစ်များအတွက် စဉ်းစားပြီးမဲပေးကြရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်မှ တိုက်တွန်းလိုက်သည်။
ကျန်မတို့ရဲ့ အနာဂတ် ကျန်မတို့မျိုးဆက်သစ်တွေရဲ့ အနာဂတ်အတွက် စဉ်းစားပြီးမဲပေးကြဖို့ ကျန်မတိုက်တွန်းလိုပါတယ် ဟု လူမှုကွန်ယက်မီဒီယာမှတဆင့် ထုတ်ပြန်သည့် သူ၏ မိန့်ခွန်းတွင် တိုက်တွန်းပြောဆိုသွားသည်။
ယခုအချိန်တွင် အရေးကြီးဆုံးမှာ ပြည်သူလူထုအားလုံး ရွေးကောက်ပွဲနေ့တွင် မဲပေးခွင့် ရရှိရန်နှင့် မဲရုံသို့ သွား၍ မဲပေးရန် ဖြစ်ကြောင်း၊ မဲပေးရာတွင်လည်း ရေရှည်ကို ကြည့်၍ အပြောင်းအလဲဖြစ်ပေါ်ရန် ၀ိုင်းဝန်း ကူညီကြပါဟုလည်း တိုက်တွန်းထားသည်။
ဒီမိုကရေစီတိုက်ပွဲမှာ အချိန်ကြာမြင့်နေပြီဖြစ်ပြီး ပြည်သူများ၏ ထောက်ခံမှုဖြင့် ရရှိနိုင်မည် ဟုယုံကြည်ကြောင်းလည်း မဲဆွယ်စည်းရုံးခွင့် စတင်သည့်နေ့ဖြစ်သည့် စက်တင်ဘာလ ၈ ရက်နေ့တွင် ထုတ်ပြန်သည့် သူမ၏ မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်က “ဒီမိုကရေစီ ဆိုတာဟာ ပြည်သူ့ရဲ့ဆုံးဖြတ်ချက်၊ ပြည်သူ့ရဲ့ဆန္ဒကို အလေးထားရတဲ့ စနစ်ပါပဲ။ ဒါကြောင့်မို့လို့ နောက်ဆုံးကျတော့ ပြည်သူကသာလျှင် ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ဖို့အတွက် ကြိုးစားခဲ့တာဟာဆိုရင် အနှစ် ၃၀ နီးပါး ရှိပါပြီ။ အခုထိ ပန်းတိုင်ကို မရောက်သေးပါဘူး။ သို့သော်လည်း ပြည်သူရဲ့ထောက်ခံမှုနဲ့ ပြည်သူရဲ့ဆန္ဒရဲ့ တွန်အားနဲ့ ကျမတို့ အောင်မြင်နိုင်မယ်ဆိုတာကို အဓိက ယုံကြည်ပါတယ်” ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ပထမဆုံး မဲဆွယ်စည်းရုံးမှု ခရီးစဉ်အဖြစ် ကယားပြည်နယ်သို့ စက်တင်ဘာ ၁၀ ရက်နေ့တွင် သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
Yangon Media Group
Post a Comment