Tuesday, 08 September 2015
ဒီနေ့မှာ နိုင်ငံရေးပါတီတွေ အနေနဲ့ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြဖို့ မဲဆွယ်စည်းရုံးမှုတွေ စတင် လုပ်ဆောင်ကြပါတော့မယ်။ ပါဝင်ယှဉ်ပြိုင်မယ့် ပါတီ ၉၆ ပါတီလောက် ရှိပြီး ကိုယ်စားလှယ်လောင်းပေါင်း ၆၁၈၀ ကျော် ရှိနေတာကိုလည်း ကျွန်တော်တို့အားလုံး သိပြီးကြပြီး ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့ မသိသေးတာကတော့ ဒီရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ အရည်အချင်းတွေကို ကျွန်တော်တို့ မဲဆန္ဒရှင်တွေက ဘယ်လိုအချက်တွေအပေါ် မူတည်ပြီး ကောက်ချက်ချကြမလဲဆိုတဲ့ အချက်ပါ။
အခုဆိုရင်ပဲ အချို့ပါတီတွေက ပါတီကို မကြည့်နဲ့ လူကိုကြည့်ပါ။ အဲ အချို့ပါတီတွေကျတော့လည်း လူကိုမကြည့်နဲ့ ပါတီကိုကြည့်ပါ စသည်ဖြင့် အမျိုးမျိုး စည်းလုံး ပြောဆိုနေနေကြတာကိုလည်း ကြားနေ မြင်နေကြရကြတယ် မဟုတ်လား။ သူတို့ပါတီတွေဘက်ကတော့ ဟိုလိုကြည့်ပါ ဒီလိုကြည့်ပါ ပြောနေပြီ။ ဒီလိုဆို ကျွန်တော်တို့ ပြည်သူတွေကရော ဘယ်လိုကြည့်ကြမလဲဆိုတဲ့ အပိုင်းက အရေးကြီးလာပါပြီ။
ကျွန်တော် တစ်ယောက်တည်းရဲ့ သဘောထားကို ပြောပါဆိုရင်တော့ ကျွန်တော် ပါတီကိုလည်း မကြည့်ဘူး၊ လူကိုလည်း မကြည့်ပါဘူး။ သူ့ရဲ့ အရည်အချင်း တတ်ကျွမ်းမှုနဲ့ သူရဲ့ စိတ်ရင်းစေတနာ ရိုးသားမှုနောက် အမျိုးဘာသာ သာသနာကို ကာကွယ်ထိန်းသိမ်းလိုစိတ် ရှိမရှိဆိုတဲ့ အချက်တွေကိုပဲ ကြည့်ပြီး ရွေးချယ်ပါမယ်လို့ ပြောရပါမယ်။
ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ ရွေးကောက်ပွဲလုပ်လို့ မဲဆွယ်စည်းရုံးလာပြီ ဆိုတာနဲ့ ကိုယ့်ကိုယ်စား နိုင်ငံတော်အဆင့် ပြောရေးဆိုခွင့်ရှိသူအဖြစ် ပြောဆိုလုပ်ကိုင်ပေးမယ့်သူကို ရွေးချယ်တော့မယ်ဆိုရင် ဒီလိုအချက်တွေ ရှိမရှိ စာမေးပွဲစစ်သလို စစ်ပြီးမှ ပါတီလည်း မကြည့် လူကိုလည်း မကြည့်ဘဲ သူ့အရည်အချင်းတွေကိုပဲ ကြည့်ပြီး မဲပေးရွေးချယ်ကြဖို့ သင့်ပါတယ်။
ဒီလိုဆိုရင် သူ့ရဲ့ အရည်အချင်း ဆိုတာတွေက ဘာတွေလဲ ဆိုတာတွေကို ကျွန်တော် ပြောဖို့လိုလာပြီ ထင်ပါတယ်။ သူ့ရဲ့အရည်အချင်းတွေဆိုတာ ကျွန်တော်တို့ ရွေးချယ်မယ့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းဟာ အရင်ဆုံး တောင်သူလယ်သမားတွေနဲ့ဆိုင်တဲ့ လယ်ယာမြေ ဥပဒေ၊ တောင်သူလယ်သမား အကျိုးစီးပွား ကာကွယ်မြှင့်တင်ရေး ဥပဒေနဲ့ မြေလွတ်မြေရိုင်းများ ဥပဒေတွေအပြင် ယခင်ရုပ်သိမ်းလိုက်တဲ့ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး ဥပဒေတွေလိုမျိုး စတ လယ်ယာမြေနဲ့ဆိုင်တဲ့ ဥပဒေ (Farm Law) အားလုံးကို သိရှိထားတဲ့သူ ဖြစ်ရဲ့လား၊ သူကိုယ်တိုင်က ဒါတွေကို သိရှိထားမှ တောင်သူလယ်သမားတွေကို အကာအကွယ်ပေးပြီး အကျိုးစီးပွား ဖော်ဆောင်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။
နောက် အလုပ်သမား အခြေခံလူတန်းစားတွေအတွက် အလုပ်ချိန်၊ လုပ်ခလစာ၊ နစ်နာကြေးတွေ ပါဝင်တဲ့ အလုပ်သမား ဥပဒေတွေ၊ စက်ရုံ၊ အလုပ်ရုံ ဥပဒေ (Lavour Law) ပါ ပြဋ္ဌာန်းချက်တွေကို နားလည်ထားသလား။
သူ ဘယ်လောက် ထဲထဲဝင်ဝင် သိသလဲ။ နောက်သူကိုယ်တိုင်က ဥပဒေသွားပြုမယ့်သူ ဖြစ်တဲ့အတွက် ဥပဒေအကြောင်း ဘယ်လောက်နားလည်ထားလဲ၊ နိုင်ငံတော်မှာ ပြုမူလုပ်ကိုင် ဆောင်ရွက်နေသမျှဟာ ခြုံပြောရရင် ဥပဒေအတိုင်းသာ ဆောင်ရွက်အကောင်အထည်ဖော်ရတာ ဖြစ်တဲ့အတွက် ဒီဥပဒေတွေကို မသိရှိ မကျွမ်းကျင်ဘူး ဆိုရင်လည်း မဲမပေးထိုက်ပါဘူး။ နောက် သူကိုယ်တိုင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး လုပ်မှာ ဖြစ်တဲ့အတွက် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွတ်တော်၊ နောက် တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေရဲ့ ဥပဒေတွေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေကိုရော သိရှိထားသူ ဖြစ်ရဲ့လား။ နောက် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး လိုက်နာရမယ့် ကျင့်ဝတ်တွေကိုရော နားလည်ထားလား၊ အဓိက အခြေခံအကျဆုံးဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတွေအပေါ်မှာရော နှံ့စပ်မှု ရှိသလား။ နောက် လွှတ်တော်အချင်းချင်း အပြန်ပြန်အလှန်လှန် ထိန်းကျောင်းလို့ ဥပဒေပြုရေး လုပ်ငန်းစဉ်တွေ (Law Making Process) ကိုရော သိရှိထားသူလား။ ဥပဒေပြုရေးလုပ်ငန်းစဉ်ကိုသိမှ ပြည်သူရဲ့ လိုအပ်ချက် အသံကိုပါအောင် ထည့်သွင်းနိုင်မှာပဲ ဖြစ်ပါတယ်။
အစိုးရကို အပြန်အလှန် ထိန်းကျောင်းခြင်း (Check and Valance) လုပ်နိုင်ဖို့ နည်းလမ်းတွေဖြစ်တဲ့ မေးခွန်းတွေ၊ အဆိုတွေဆိုတဲ့ အပိုင်းကိုရော သူဘယ်လို နားလည်ထားသူလဲ။ နောက် နိုင်ငံတော်ရဲ့ နှစ်တို၊ နှစ်ရှည်စီမံကိန်းတွေ၊ နှစ်စဉ် အမျိုးသားစီမံကိန်းတွေ (National Plan) တွေ အပေါ်မှာရော ပါဝင်ဆွေးနွေးနိုင်သူ ဟုတ်ရဲ့လား၊ နှစ်စဉ် ရေးဆွဲပြဋ္ဌာန်းပေးနေရတဲ့ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ (Budget) တွေကိုရော သိသလား။ အခြေခံအကျဆုံး ကိစ္စလေးဖြစ်တဲ့ ကျွန်တော်တို့ ကျေးလက်က ရွာချင်းဆက်လမ်းလေးတွေ၊ ရွာက စာသင်ကျောင်းက လူဦးရေအချိုးနဲ့ မြို့အကွာအဝေးအရ အဆင့်မြှင့်ချင်တာလေးတွေ၊ နောက် ရွာရဲ့ ကျေးလက်ကျန်းမာရေး ဆေးပေးခန်းလေး ရရှိအောင် နိုင်ငံ့ရဲ့ ဘတ်ဂျက်ထဲပါအောင် မတင်ပြတတ်ဘူး၊ မဆွေးနွေးတတ်ဘူး ဆိုရင်ရော ကျွန်တော်တို့ သူ့ကို ရွေးချယ်ဖို့ သင့်မသင့် စဉ်းစားကြရတော့မယ် မဟုတ်လား။
ပြည်သူနဲ့အခွန် ခွဲခြားမရဘူး ဆိုသလို ပြည်သူတွေရဲ့ အဓိကတာဝန် ဖြစ်တဲ့ အခွန်ပေးဆောင်ရမှုတွေမှာ ဘယ်ဟာက ကင်းလွတ်ကုန်လဲ၊ ဘယ်ဟာက ဘယ်လောက်ရာခိုင်နှုန်းနဲ့ တွက်ချက်ထားသလဲ။။ ဒီနှစ် ဘာပြောင်းလဲ ကောက်ခံတာလဲ။ ပြည်သူတွေအတွက် ဘယ်အပိုင်းက သက်သာပြီး ဘယ်အပိုင်းက ဝန်ပိနေသလဲ စတဲ့စတဲ့ (Tax) တွေကိုရော နားလည်သလား။ ဒီအခွန်တွေ ပေးဆောင်ရင်လည်း ပြည်သူ့အလိုကျ ပြည်သူအသံနဲ့အညီ ပြဋ္ဌာန်းပေးရမှာ ဖြစ်တဲ့အတွက် ဒီအပေါ်မှာ သူဘယ်လောက် နားလည်ထားလဲ။
ဒီလို ကိုယ့်နိုင်ငံအတွင်းက ဥပဒေတွေ၊ အခွင့်အရေးဆိုင်ရာတွေတင် မဟုတ်ဘဲ တကယ်တမ်း ဥပဒေတွေကို ခေတ်စနစ်နဲ့ ညီအောင် ရေးဆွဲလာကြပြီဆိုရင် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေက သတ်မှတ်ထားတဲ့ စံနှုန်းတွေ၊ ဥပဒေပါ ပြဋ္ဌာန်းချက်တွေကိုလည်း သိရှိထားတဲ့သူ ဟုတ်မဟုတ် ဆိုတာလည်း စိစစ်ဖို့ လိုပြန်တာပဲ။
လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို ကျွန်တော်တို့ ရွေးချယ်မဲပေးရတော့မယ် ဆိုရင် အရေးကြီးဆုံး အချက်ကတော့ သူ့ရဲ့ စိတ်ရင်းစေတနာ ရိုးသားမှုနဲ့ ဖြူစင်မှုပါ။ ပြည်သူတွေရဲ့ အကျိုးစီးပွားကို အမှန်တကယ်ရပ်တည် ကြိုးစားဆောင်ရွက်ပေးလိုစိတ်၊ ကိုယ်ကျိုးမကြည့်ဘဲ အနစ်နာအပင်ပန်းခံ ဆောင်ရွက်ပေးလိုစိတ် ဒါတွေကလည်း အဓိကကျလှပါတယ်။
နောက် မသန်စွမ်းသူတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်လုပ်ဆောင်ပေးမယ့် ဥပဒေတွေနဲ့ အခြားနိုင်ငံတွေမှာ သူတို့အတွက် ဘယ်လိုရှေ့တန်းတင်ပြီး ဥပဒေပြု ဆောင်ရွက်နေသလဲဆိုတဲ့ အချက်တွေ။ ကိုယ်စားလှယ်တစ်ဦးဟာ နိုင်ငံတော်ကို ဦးစီးဦးဆောင်ပြုမယ့် အဖွဲ့ထဲမှာ ပါဝင်မှာဖြစ်တဲ့အတွက် နိုင်ငံတော် ဌာနဆိုင်ရာ ယန္တရားတွေရဲ့ ချိတ်ဆက်လုပ်ဆောင်မှုတွေ၊ နိုင်ငံတကာ ဆက်ဆံရေးတွေ၊ စီးပွားရေး မူဝါဒတွေကိုတော့ အကြမ်းဖျင်း သိရှိထားတဲ့သူ ဖြစ်မဖြစ်ဆိုတာလည်း အရေးကြီးပြန်တာပဲ။ နိုင်ငံတော်တိုးတက်စေမယ့် စီမံကိန်းကြီးတွေ၊ အလုပ်အကိုင်အခွင့်အလမ်းများများ ရရှိဖော်ဆောင်ပေးမယ့် လုပ်ငန်းတွေ၊ ကိုယ့်နိုင်ငံကို အခြားနိုင်ငံများနည်းတူ ဘက်စုံထောင့်စုံက တည်ဆောက်နိုင်အောင် အရည်အချင်းပြည့်သူ ဖြစ်ခဲ့ရင်တော့ အတိုင်းထက်အလွန်ပေါ့ဗျာ။
တိုင်းပြည်တည်ဆောက်ရေးမှာ အကောင်အထည်ဖော်ပေးနေတဲ့ ဝန်ကြီးဌာန အသီးသီးရဲ့ လက်တွေ့ကျင့်သုံးနေတဲ့ ဥပဒေတွေ၊ နည်းဥပဒေတွေ၊ လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းတွေ၊ အမိန့်ညွန်ကြားချက်တွေကိုရော ဘယ်လောက်သိရှိလေ့လာထားသလဲ။ နောက် ဌာနဆိုင်ရာတွေနဲ့ ချိတ်ဆက်ဆက်ဆံကြရတဲ့အခါ စာပေးစာယူတွေ ပြုလုပ်ကြ၊ အစီရင်ခံစာတွေ ပြုစုကြတဲ့အခါ ရုံးလုပ်ငန်း အခြေခံသဘောတရားတွေ ဖြစ်တဲ့ စာပုံစံတွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ Protocol လို့ခေါ်တဲ့ ဝါစဉ်ကြီးငယ်တွေကအစ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေ၊ ဝန်ကြီးဌာနတွေရဲ့ ဆက်နွှယ်မှုတွေကိုရော ဘယ်လောက်သိရှိထားသလဲ ဆိုတဲ့ ကျွမ်းကျင်မှုကလည်း အရေးကြီးပါတယ်။ စာတစ်စောင်ကို ဝါကျမှန်မှန်နဲ့ မတည်ဆောက်နိုင်၊ ကိုယ်တင်ပြမယ့် အစီရင်ခံစာတစ်စောင်ကို ဆိုလိုရင်း ရောက်အောင် မပြုစုတတ်ဘူးဆိုရင် ကိုယ်စားလှယ်ဖြစ်ရင် ဆောင်ရွက်ရမယ့် Staff Duty တွေဆိုတာတော့ ဝေးလွန်းမယ် ထင်ပါတယ်။
ကိုယ့်ပြည်တွင်းမှာပဲ နေပြီး ပြင်ပနိုင်ငံတွေရဲ့ နိုင်ငံရေးတွေ၊ နိုင်ငံတကာ အတွေ့အကြုံနဲ့ အခြားနိုင်ငံတွေက ဥပဒေပြုရေးစနစ်တွေကို မသိရှိဘူး၊ မလေ့လာထားဘူး ကိုယ်ကိုယ်တိုင်လည်း မရောက်ဖူးသေးဘူး ဆိုရင်လည်း အားနည်းနေသေးတာပါပဲ။ ကျန်တဲ့အချက်အလက်များစွာ ရှိနေပေမယ့်လည်း ရှည်လျားထွေပြားမှာ ဖြစ်တဲ့အတွက် မပြောတော့ပါဘူး။ ဒါပေမဲ့လည်း ကျွန်တော်ဆိုလိုချင်၊ ပြောပြချင်တာကတော့ ကျွန်တော်တို့ပြည်သူတွေ၊ လူငယ်တွေအတွက် ကိုယ်စားတာဝန်ယူပြီး လွှတ်တော်အထဲမှာ သွားရောက်ဆွေးနွေးဖို့၊ တောင်းဆိုဖို့ ရွေးချယ်စေလွှတ်မယ့်သူဟာ ဘက်ပေါင်းစုံက နားလည်နေသူ ဖြစ်ရပါမယ် ဆိုတာပါပဲ။ သို့မှသာ ကျွန်တော်တို့ ပြည်သူတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးနဲ့ အခြေခံကျတဲ့ လူမှုအကျိုးစီးပွားတွေကို သတ်မှတ်ပေးတဲ့ စည်းဘောင်အတွင်းကနေ တောင်းဆိုလုပ်ကိုင်ပေးတတ်မှာပဲ ဖြစ်ပါတယ်။
အပြောကောင်းနေရုံသက်သက်၊ အစဉ်အလာရှိနေရုံ သက်သက်နဲ့တော့ ကျွန်တော်တို့ မရွေးချယ်သင့်ပါဘူး။ ငွေကြေးချမ်းသာရုံ၊ အလှူဒါန များများပြုရုံနဲ့လည်း မဖြစ်နိုင်သေးပါဘူး။ ကျွန်တော်တို့ ပြည်သူတွေ၊ လူငယ်တွေ ရွေးချယ်ပေးလိုက်တဲ့ ကိုယ်စားလှယ်က ဘာမှမတတ်ဘဲ စကားကိုပဲ တွင်တွင်ပြောတတ်သူ၊ ဟန်ရေးပြတတ်သူ၊ အခြေခံကျကျ ဥပဒေ အကိုးအကားနဲ့ အချက်အလက် ခိုင်ခိုင်မာမာ ရှာဖွေစုဆောင်းလို့ မတင်ပြတတ်သူ၊ နိုင်ငံတော်က ချီးမြှင့်တဲ့ လစာနဲ့စရိတ်တွေ၊ အခွင့်အရေးတွေ၊ ထင်ပေါ်ကျော်ကြားမှုတွေကိုပဲ မျှော်ကိုးသူ၊ ကြီးကျယ်ခမ်းနားတဲ့ လွှတ်တော်ကြီးနဲ့ အဆောင်အယောင်တွေ၊ မီဒီယာတွေ ဝိုင်းရံ လေအေးပေးစက်တွေ အပြည့်နဲ့ ဇိမ်ကျကျ လွှတ်တော်ခန်းမကြီးထဲမှာပဲ လာထိုင်နေချင်သူ၊ လွှတ်တော်ထဲမှာ အိမ်ဖြည့်လာထိုင်နေလိုသူ၊ ပြည်သူက အာဏာအပ်နှင်းထားတဲ့ ကိုယ်စားလှယ်ဖြစ်ပြီး ဘာမှမတင်ပြ မဆွေးနွေးတတ်သူကို ကျွန်တော်တို့ မဲမပေးမိဖို့ လိုပါမယ်။
မှားယွင်းရွေးချယ် မဲပေးမိခဲ့ရင်တော့ ကျွန်တော်တို့ ရွာ၊ မြို့၊ ဒေသလေးဟာ သူများတွေရဲ့ ဒေသတွေရဲ့နောက်မှာ ကျန်ရစ်လို့ ခေတ်နောက်ကျကာ ဟိုးအရင့်အရင်အတိုင်းပဲ ဖြစ်နေလိမ့်မယ် ဆိုတာလည်း ပြောပြချင်ပါတယ်။ ဒါတွေကို မသိဘဲ မဲပေးရွေးချယ်မိခဲ့ရင် ကိုယ်ရဲ့ရွေးချယ်မှု မှားခဲ့တာ ဖြစ်တဲ့အတွက် ကျွန်တော် အစမှာပြောခဲ့သလို ကိုယ်နဲ့ ကိုယ့်ဒေသ ကိုယ့်မြို့ရွာသာ ပြန်လည်ပြီး မကောင်းတဲ့အကျိုးကို ခံစားရမှာ အသေအချာပါပဲ။
မဲလေးတစ်မဲလောက်နဲ့ ဘာမှမဖြစ်သွားပါဘူးကွာ၊ အလုပ်ရှုပ်လို့ကွာ၊ အချိန်မပေးနိုင်လို့ သူများထည့်တာပဲ ထည့်လိုက်ကွာ၊ အများညီရင် ဖြစ်ပါတယ်ကွာဆိုပြီး မဲပေးခဲ့ရင်တော့ ကျွန်တော်တို့တင်မကဘဲ ကျွန်တော်တို့ရဲ့ နောင်မျိုးဆက် (အသက် ၁၈ နှစ် မပြည့်သေးသူများ အပါအဝင်) အတွက် ခေတ်ဟောင်းကြီးထဲမှာ ကျန်ရစ်လို့ ကျောက်ခေတ်မှာပဲ နေနေရမှာ အမှန်ပါပဲလို့ စေတနာ ရှေ့ထားပြီး ရေးသားတင်ပြလိုက်ရပါတယ်။
စာဖတ်သူအပေါင်း စိတ်နှလုံးချမ်းမြေ့ကြပါစေ။
သန်းဖြိုးနိုင် (မြန်ပြည်သား)
http://thevoicemyanmar.com/

Post a Comment