၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေကို ပါတီဗဟိုက ငွေကြေးအများဆုံး ထောက်ပံ့ပေးထားတဲ့ ကြံ့ခိုင်ရေးပါတီက ယာဉ်ကြောပိတ်ဆို့မှုနဲ့ ငွေကြေးအခက်အခဲ တွေကြောင့် ရန်ကုန်မှာ မဲဆွယ်ည်းရုံးရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ ခက်ခဲနေတယ်လို့ အဲ့ဒီပါတီ ဗဟိုကော်မတီဝင် ဦးသာဝင်းက ပြောပါတယ်။
“လှည့်လည်စည်းရုံး လုပ်ဆောင်တဲ့အခါမှာ အခက်အခဲတွေ ရှိတယ်။ ရန်ကုန်မှာ ကန့်သတ်ချက်တွေ ရှိတယ်။ ကားကျပ်တယ်၊ ကားတွေ ပိတ်တယ်၊ ကားကြီးလုပ်ပြီး လှည့်လည်ဖို့ကျတော့ အခက်အခဲရှိတယ်။ နောက်တစ်ခုက ငွေရေးကြေးရေး ပေါ့နော်။ ကားတစ်စီးလုံး လုပ်ဖို့ဆိုတာက လုပ်ဆောင်ဖို့က တော်တော်လိုမယ်။ ဒါပေမဲ့ လုပ်တော့ လုပ်ဆောင်နေကြပါတယ်။ ဗီနိုင်း ထောင်ဖို့ဆို စည်ပင်ခွင့်ပြုချက် ယူမယ်။ ကားနဲ့ လှည့်ဖို့ဆို လမ်းအကြောင်းကြားရမယ် စတဲ့ ကြိုတင်ပြင်ဆင်မှုတွေ အရမ်းများတာပေါ့” လို့ သူက ပြောပါတယ်။
အဲ့ဒီအခက်အခဲ တွေကြောင့် ရန်ကုန်တိုင်းဒေသကြီးမှာ ကြံ့ခိုင်ရေးပါတီ အနေနဲ့ မြို့နယ်အလိုက် အောင်နိုင်ရေးအဖွဲ့တွေ ဖွဲ့စည်းပြီး မဲဆွယ်စည်းရုံးရေး လုပ်ငန်းစဉ်တွေကို မူဝါဒရေးဆွဲကာ လုပ်ဆောင်ဖို့ ညွှန်ကြားထားတယ်လို့ သူက ဆိုပါတယ်။
တချို့မြို့နယ်တွေမှာ ကိုယ်စားလှယ်လောင်း လက်ကမ်းစာစောင်တွေ ဖြန့်ဝေတာ၊ လှည့်လည်တိုက်တွန်း နှိုးဆော်တာ၊ တယ်လီဖုန်းနဲ့ ဆက်သွယ်တိုက်တွန်း နှိုးဆော်တာတွေကို ရန်ကုန်တိုင်း ပါတီရုံးနဲ့ အောင်နိုင်ရေးအဖွဲ့ဝင်တွေ ချိတ်ဆက် လုပ်ဆောင်မှုတွေလည်း ရှိတယ်လို့ သူက ပြောပါတယ်။
ကြံ့ခိုင်ရေးပါတီ ဗဟိုမှ အောင်နိုင်ရေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့ မဲဆွယ်စည်းရုံးရေး အသုံးစရိတ်အဖြစ် ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်တစ်ဦးချင်းကို ငွေကျပ်သိန်း သုံးဆယ် ထောက်ပံ့ထားတယ်လို့ အဲ့ဒီပါတီထံမှ သိရပါတယ်။
ကြံ့ခိုင်ရေးပါတီက ရန်ကုန်မြို့အတွင်း မဲဆွယ်စည်းရုံးရေးလုပ်ဖို့ ငွေကြေးအခက်ခဲတချို့ ရှိနေတယ်လို့ ပြောနေပေမယ့် တချို့ဒေသတွေမှာ အဲ့ဒီပါတီက ငွေပေး မဲဆွယ်တာတွေ ရှိနေတယ်လို့ နိုင်ငံရေးပါတီတချို့က ဝေဖန် ပြောဆိုနေပါတယ်။

Post a Comment