ဝေဖန်မှုများပြားနေသော ရန်ကုန်မြို့သစ်စီမံကိန်း ပွင့်လင်းမြင်သာမှုရှိ မရှိ တင်ဒါ ဖွင့်ဖောက်စိစစ်မည့် စက်တင်ဘာ ၂၂ ရက် တွင် လာရောက်စောင့်ကြည့်မည့် အကြောင်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ယခုရက်ပိုင်းအတွင်း အကြောင်းကြားမည်ဟု ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက စက်တင်ဘာ ၇ ရက်တွင် ပြောကြားသည်။
ရန်ကုန်မြို့သစ်စီမံကိန်းအား တင်ဒါ ခေါ်ယူသည့်အချိန်မှာ နည်းပါးပြီး ဘီလျံများစွာအမြတ်အစွန်းရနိုင်မည့် စီမံကိန်းကြီး ဖြစ်သောကြောင့် ပွင့်လင်းမြင်သာမှုရှိမရှိ တင်ဒါဖွင့်ဖောက်စိစစ်သည့်ရက်တွင် သွားရောက် စောင့်ကြည့်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
“သူတို့က ပွင့်လင်းမြင်သာစွာလုပ်ပါ့မယ်လို့ လွှတ်တော်မှာတရားဝင်ပြောပြီးသား။ ဒါကြောင့် သွားရောက် လေ့လာစောင့်ကြည့်တာကိုလည်း သူတို့ခွင့်ပြုရမယ်။ အန်တီ ထင်တယ်။ သူတို့စောင့်ကြည့်ခွင့်ပေးမယ်လို့။ ဒီ လိုလာရောက်စောင့်ကြည့်မဲ့အကြောင်း သူတို့ဆီကိုလည်း ကြိုတင်အကြောင်းသွားမှာပါ”ဟု ဒေါက်တာညိုညိုသင်းက ဆက်လက်ပြောကြားသည်။
ရန်ကုန်မြို့သစ်စီကိန်း အကောင်အထည်ဖော်ရန် ပြီးခဲ့သည့် ဇူလိုင်လအတွင်း တင်ဒါခေါ်ယူခဲ့ပြီး တင်ဒါဖွင့်ဖောက်စိစစ်ခြင်းကို စက်တင်ဘာ ၂၂ ရက်တွင် ပြုလုပ်မည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြေညာထားပြီး ရန်ကုန်မြို့သစ်စီမံကိန်းအတွက် တင်ဒါလျှောက်လွှာ ၀ယ်ယူထားသည့် ကုမ္ပဏီ ၅၀ ခန့်ရှိကြောင်း၊ တင်ဒါဖွင့်ဖောက်သည့်ရက်မှ တင်ဒါများကို တစ်ခါတည်း စိစစ်မှာ ဖွင့်ဖောက်မှတ်တမ်းတင်ခြင်း ပြုလုပ်သွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြေညာထားသည်။
ထို့ပြင် ရန်ကုန်မြို့သစ်စီမံကိန်းအား နိုင်ငံသားလုပ်ငန်းရှင်များကိုသာ တင်ဒါခေါ်ယူထားရာ ယင်းသို့ ထုထည်ကြီးမားသည့် စီမံကိန်းအတွက် နိုင်ငံသားများ၏ အတွေ့အကြုံ နည်းပါးနေကြောင်း အတွေ့အကြုံရှိသည့် နိုင်ငံခြားသားများ ပူးပေါင်းလုပ်ဆောင်သင့်ကြောင်း ဒေါက်တာညိုညိုသင်းက အကြံပြု ထားသည်။
ရန်ကုန်မြို့သစ် စီမံကိန်းအား ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်စက်တင်ဘာ ၂၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က တရားဝင်ရုပ်သိမ်းခဲ့သော်လည်း ယခုနှစ်ဇွန်လအတွင်း ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အထူးအစည်းအဝေးတွင် ကြည့်မြင်တိုင် မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က “ရန်ကုန်မြို့သစ်စီမံကိန်းအမြန် အကောင်အထည်ဖော်ပေးရေး” အဆိုဟူ၍ ပြန်လည်တွင်သွင်းလာခဲ့ပြီး ရန်ကုန် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်အချို့ ကန်ကွက်ခဲ့သော်လည်း ထောက်ခံသူများပြား၍ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က အတည်ပြုခဲ့ရာ ဝေဖန်မှုများ ထပ်မံပေါ်ထွက်လာခဲ့သည်။
သို့သော် ယင်းသို့အတည်ပြု လိုက်သည့် ရန်ကုန်မြို့သစ်စီမံကိန်းမှာ “မဟာ ရန်ကုန်မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်း ၂၀၄၀” ၏ ရန်ကုန်မြို့ကိုတိုးချဲ့ရန် ဒုတိယဦးစားပေး အနေဖြင့် ပါဝင်နေကြောင်း သိရသည်။
သို့သော်လည်း “မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်း ၂၀၄၀” ၏ ပထမ ဦးစားပေးဖြစ်သည့် ရန်ကုန်အရှေ့မြောက်ပိုင်း မြို့သစ်ကို အကောင်အထည် မဖော်သေးဘဲ ဒုတိယ ဦးစားပေးဖြစ်သည့် ရန်ကုန်မြို့ သစ်စီမံကိန်း (ရန်ကုန်အနောက်တောင်ပိုင်းမြို့သစ်)ကို ဦးစွာတင်ဒါခေါ်ယူခဲ့ခြင်းကြောင့် လွှတ်တော်ကိုယ်စားလှယ်အချို့က ဝေဖန်ခဲ့ကြသည်။
ထို့ပြင် ရန်ကုန်မြို့သစ်စီမံကိန်းအား အစိုးရ၏ ကျန်ရှိသက်တမ်းလအနည်းငယ် အတွင်းမည်သည့် အတွက်ကြောင့် အလျင်စလို အကောင်အထည်ဖော်လိုသနည်းဟု သြဂုတ် ၂၁ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေးတွင် ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက မေးခွန်းထုတ်ခဲ့ပြီး ယင်းစီမံကိန်း တင်ဒါခေါ်ယူမှုနှင့် ပတ်သက်၍ မည်သည့်ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ဆောင်ရွက်ခဲ့ပါ နည်းကိုလည်း ၎င်းက ဆက်လက် မေးခွန်း ထုတ်ခဲ့သည်။
ထို့ပြင် ယင်းစီမံကိန်းတွင် တမရားမ၀င် ငွေမည်းများ စီးဆင်းနေမည်ကိုလည်း စိုးရိမ်ကြောင်း ဒေါက်တာညိုညိုသင်းက ပြောကြားထားသည်။
ရန်ကုန်မြို့သစ်စီမံကိန်းကို ရန်ကုန်မြို့ ၏အနောက်ဖက် ပန်းလှိုင်မြစ်နှင့် တွံတေးတူး မြောင်းကြား၊ လှိုင်မြစ်နှင့် လှိုင်သာယာ-တွံတေးတူးမြောင်းကြား မြေနေရာများကို လျာထားပြီး ကြည့်မြင်တိုင်၊ တွံတေးနှင့် ဆိပ်ကြီး ခနောင်တိုမြို့နယ် ဧရိယာများပါဝင်ကြောင်း သိရသည်။
Post a Comment