0


ဈေးကွက်အတွင်းမှ ရုပ်သိမ်းရန် သတိပေးခဲ့သော မြေပဲဆီများတွင် စက်မှုကုန်ကြမ်းသုံး ဆီကြမ်းများ၊ အကြော်ခံဆီများနှင့် စားအုန်းဆီများ ရောနှောထုတ်လုပ်ထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

ရွှေအိုး၊ ရွှေတော်ဝင်၊ Hi Plus၊ စိန်၊ ရွှေပဒေသာ၊ ကံသာမြင့်၊ Ruby(ပတ္တမြား)၊ သပြေ၊ မော်ကွန်းသစ်နှင့် စိန်းမမ အမှတ်တံဆိပ်များမှာ စားအုန်းဆီများ၊ စက်မှုကုန်ကြမ်းသုံး ဆီးကြမ်းများ၊ အကြော်ခံဆီများ ရောနှောထုတ်လုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဆီအမှတ်တံဆိပ် ၁၀ မျိုးကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဌာနမှ ဈေးကွက်မှ ဖယ်ရှားပေးရန် သတိပေးထားပြီး ဖြစ်သည်။

ယင်းအပြင် ပြည်တွင်း၌ “မြေပဲဆီသန့်” ဟု ၀ိသေသပြု ရောင်းချနေသော ဆီအချို့တွင် စားအုန်းဆီများ၊ စက်မှုကုန်ကြမ်းသုံး ဆီကြမ်းများ၊ အကြော်ခံဆီများ ရောနှောထုတ်လုပ်နေသည်ကို စစ်ဆေးရန် တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့မှ ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့မှ မော်လမြိုင်-ရန်ကုန် ဒေသတွင် သွားလာသည့် ယာဉ်ပေါ်မှ စားဆီပုံး ၅၀ ကို စစ်ဆေးသိမ်းဆည်း ရမိခြင်းနှင့်အတူ စားသောက်ကုန်များ တင်သွင်းခြင်းကို အသေးစိတ် စောင့်ကြပ်ကြည့်ရှုမှုများ ပြုလုပ်တော့မည်ဟု ထုတ်ပြန်မှု ပြုလုပ်ခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဆီများကို ရောနှောရောင်းချမှု ဆက်လက်ပြုလုပ်နေပါက အမျိုးသား အစားအသောက် ဥပဒေပုဒ်မ ၂၈(ခ)အရ အရေးယူသွားမည်ဟု သိရသည်။

နယ်စပ်မှ တင်သွင်းရောင်းချနေသော စားသုံးဆီ အပါအ၀င် စံမညီ ပြည်တွင်းထုတ် မြေပဲဆီ အရောများကို ဈေးကွက်ထောက်လှမ်း စောင့်ကြည့်စစ်ဆေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ အသိပေးထားသည်။

သြဂုတ် ၂၁ ရက်က ကျန်းမာရေးဝန်ကြီးဌာန၏ အသိပေးကြေညာချက်အရ ဆိုးဆေး၊ ဓာတုပစ္စည်းများ ပါဝင်မှုကြောင့် အစားအသောက် ၂၇ မျိုးကို မစားသုံးသင့်ကြောင့် ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချသူများကိုလည်း အမျိုးသားအစားအသောက် ဥပဒေပုဒ်မ ၂၈ (က) ဖြင့် တရားစွဲဆို အရေးယူမည်ဖြစ်ကြောင်း သတိပေးထားသည်။ စားသုံးရန် မသင့်သော အစားအသောက်များကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်မှု မကြာခဏ ပြုလုပ်ချက်အရ အစားအသောက် အများစုမှာ တရုတ်နှင့် ထိုင်းနိုင်ငံဘက်မှ လာရောက်သော အစားအသောက်များနှင့် ဓာတုဆိုးဆေးများကို အခြေခံကာ ထုတ်လုပ်ရောင်းချနေကြောင်း သိရသည်။
http://news-eleven.com/

Post a Comment

 
Top