0

ရန်ကုန်၊ စက်တင်ဘာ ၈
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို အပြီးသတ် ရေးထိုးနိုင်ရေးအတွက် သမ္မတနှင့် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များ ဆွေးနွေးပွဲ မတိုင်ခင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသများတွင် တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွား နေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများထံမှ သိရသည်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရေးစာချုပ် NCA အပြီးသတ်နိုင်ရေး အတွက် နိုင်ငံတော်သမ္မတနှင့် လက်နက်ကိုင် ထိပ်သီးခေါင်းဆောင်များ နေပြည်တော်တွင် စက်တင်ဘာ ၉ ရက်နေ့၌ တွေ့ဆုံမည်ဖြစ်ပြီး ယင်းတွေ့ဆုံမှု မတိုင်မီ စက်တင်ဘာ ၇ ရက်နေ့မှစ၍ တိုက်ပွဲများ ဖြစ်ပွားလာခြင်းဖြစ်သည်။
ကချင်ပြည်နယ် ဗန်းမော်ခရိုင် အတွင်းရှိ စီကောကျေးရွာအနီးတွင် တပ်မတော်နှင့် KIA တပ်မဟာ (၃) တပ်ရင်း (၁၂) တို့ စက်တင်ဘာ ၇ ရက်နေ့မှ ၈ ရက်နေ့အထိ နှစ်ရက်ဆက် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု KIA/KIO ပြန်ကြားရေးတာဝန်ခံ ဦးဒေါင်းခါးက ပြောဆိုသည်။
“အခုလို နိုင်ငံတော်အဆင့် ဆွေးနွေးပွဲတွေ လုပ်တော့မယ်ဆိုရင် အစိုးရဘက်က စစ်တပ်အင်အား တိုးချဲ့ ချထားလေ့ရှိတယ်။ အဲ့ဒီလိုအချိန်ဆိုရင် တိုက်ပွဲတွေ ဖြစ်နေတာပါပဲ” ဟု KIO အဖွဲ့မှ အမည်မဖော်လိုသူ ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားသည်။
တပ်မတော်နှင့် KIA/KIO တို့ တိုက်ပွဲဖြစ်ပွားရခြင်းမှာ သတ်မှတ်နယ်မြေအား ကျူးကျော်လာသောကြောင့် ဖြစ်သည်ဟု မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထို့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်း(ပလောင်) ဒေသတွင်လည်း တပ်မတော်နှင့် တအာင်းတပ်(TNLA) တို့ စက်တင်ဘာ ၇ ရက်နေ့မှ ၈ရက်နေ့ အထိ တိုက်ပွဲပေါင်း သုံးကြိမ်ခန့် ဖြစ်ပွားခဲ့သည်ဟု TNLA ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီးတာအိုက်ကျော်က ပြောကြားသည်။
“တိုက်ပွဲဖြစ်တာကတော့ ကွတ်ခိုင်နဲ့ ကျောက်မဲမြို့နယ် အတွင်းမှာပါ။ အခုလို ငြိမ်းချမ်းရေးအတွက် အပြီးသတ် သဘောတူစာချုပ် ချုပ်နိုင်ဖို့ ကြိုးစားနေတဲ့ အချိန်မှာ တိုက်ပွဲတွေ ဖြစ်တာကတော့ နှစ်ဖက်ယုံကြည်မှုကို ထိခိုက်စေတာပေါ့” ဟု TNLA ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီး တာအိုက်ကျော်က ဆက်ပြောသည်။
တိုင်းရင်းသားလက်နက်ကိုင် သုံးဖွဲ့ဖြစ်သည့် ကိုးကန့် (MNDAA)၊ တအာင်း (ပလောင်)(TNLA) နှင့် ရက္ခိုင့်တပ်မတော် (AA) တို့ကို ငြိမ်းချမ်းရေး လုပ်လိုပါက လက်နက်စွန့်ရမည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က သြဂုတ်လ ၂၄ ရက်နေ့တွင် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)နှင့် တွေ့ဆုံစဉ် ပြောကြားထားသည်။
ထို့အပြင် ပြီးခဲ့သည့် နဝမအကြိမ်မြောက် ဆွေးနွေးပွဲတွင်လည်း အစိုးရဘက်မှ အဆိုပါသုံးဖွဲ့အား NCA စာချုပ် လက်မှတ်ရေးထိုးမှုတွင် ချန်ထားရန် သဘောထားရှိနေပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက အားလုံးပါဝင် လက်မှတ်ရေးထိုးရန် လိုလားနေခြင်း ဖြစ်သည်။
နှစ်ဖက်သဘောတူညီမှု မရရှိသေးသော အားလုံးပါဝင် လက်မှတ်ရေးထိုးရေးနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ငါးဖွဲ့ဖြစ်သည့် ကရင်အမျိုးသားအစည်း အရုံး (KNU)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ကချင်လွတ် မြောက်ရေးအဖွဲ့ KIO၊ မွန်ပြည်သစ် ပါတီ (MNSP)၊ ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP) တို့၏ ထိပ်သီးခေါင်းဆောင် များနှင့် SD အဖွဲ့မှ ခေါင်းဆောင်များ ဖြစ်သည့် ဖဒိုနော်စီဖိုးရာစိန်၊ ဒေါက်တာ လဂျာ၊ ပူးဇင်ကျုံးတို့ စက်တင်ဘာ ၉ ရက် နေ့တွင် နေပြည်တော်၌ တွေ့ဆုံဆွေးနွေး ကြမည်ဖြစ်သည်။

The Voice Weekly

Post a Comment

 
Top