0


၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို စောင့်ကြည့် လေ့လာရန် အမျိုးသား လူငယ် ကွန်ဂရက် အဖွဲ့က လူငယ် စေတနာ့ ၀န်ထမ်းများကို ဖိတ်ခေါ်လျက်ရှိကြောင်း သတင်းရရှိသည်။
အမျိုးသား လူငယ် ကွန်ဂရက် အဖွဲ့အနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာ စောင့်ကြည့်သွားမည် ဖြစ်ပြီး ရွေးကောက်ပွဲ ပြုလုပ်မည့် မြို့နယ်ပေါင်း ၃၂၀ တွင် မဲရုံတစ်ရုံလျှင် လူငယ် နှစ်ဦးနှုန်းဖြင့် စောင့်ကြည့် လေ့လာသွားမည် ဖြစ်ကြောင်း ယင်းကွန်ဂရက်မှ ဒါရိုက်တာဖြစ်သူ ဦးမိုးသွေးက ဆိုသည်။
“အဓိက,ကတော့ ၂၀၁၅ ရွေးကောက်ပွဲ မှာ ပိုပြီးတော့မှ တရားမျှတမှု ရှိ မရှိ စောင့်ကြည့် လေ့လာဖို့နဲ့ နောက်ပြီးတော့မှ လူငယ်တွေ ဘယ်လောက် ပါဝင်သလဲပေါ့နော်။ ဒီစီမံကိန်းက ကျွန်တော်တို့ တစ်နိုင်ငံလုံးကို စောင့်ကြည့်ဖို့အတွက် စီမံကိန်း ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ အခုလိုမျိုး လေ့လာမယ် ဆိုတဲ့အခါမှာ ကျွန်တော်တို့က ရွေးကောက်ပွဲ ကျင်းပမယ့် မြို့နယ် ၃၂၀ မှာ စောင့်ကြည့်မှုတွေ လုပ်သွားပါ့မယ်။ တစ်မြို့နယ်ကို နှစ်ယောက်နှုန်းနဲ့ စောင့်ကြည့် လေ့လာသွားပါ့မယ်။ မဲရုံတစ်ရုံမှာ နှစ်ယောက်နှုန်းနဲ့ ထားမှာ ဖြစ်တဲ့အတွက် လူငယ် ထောင့်နှစ်ရာ သုံးရာလောက် လိုမှာပေါ့” ဟု ဦးမိုးသွေးက ပြောကြားသည်။
ထိုသို့ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာမည့် အမျိုးသား လူငယ် ကွန်ဂရက် အဖွဲ့ကို နည်းပညာနှင့် ရန်ပုံငွေနှင့် ပတ်သက်၍ နေရှင်နယ် ဒီမိုကရက်တစ် အင်စတီကျု အဖွဲ့အစည်းမှ ပံ့ပိုးပေးပြီး ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမည့် စေတနာ့ လူငယ်ဝန်ထမ်းများကို အောက်တိုဘာလကုန်တွင် သင်တန်းများ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
“နည်းပညာနဲ့ ပတ်သက်လို့ကတော့ နေရှင်နယ် ဒီမိုကရက်တစ် အင်စတီကျု အဖွဲ့အစည်းကနေ နည်းပညာနဲ့ ရန်ပုံငွေကို ပံ့ပိုးပေးပါတယ်။ သူတို့ကနေ နည်းပညာတွေကို သင်ကြားပေးတာပေါ့။ အောက်တိုဘာ ပထမအပတ်ထဲမှာ ဆိုလို့ရှိရင် ပြည်နယ်နဲ့ တိုင်းတွေမှာ ကြီးကြပ်ရေးမှူးတွေ ထားထား တယ်။အဲဒီကြီးကြပ်ရေးမှူးတွေကို အရင်ဆုံး သင်တန်းတွေ ပေးမယ်။ သူတို့ကနေ တစ်ဆင့် အောက်တိုဘာလ ကုန်လို့ရှိရင် သက်ဆိုင်ရာ ပြည်နယ်တွေမှာရှိတဲ့ စောင့်ကြည့်လေ့လာရေး လုပ်မယ့် စေတနာ့ ၀န်ထမ်းတွေကို သင်တန်းပြန်ပေးမှာပါ” ဟု ဦးမိုးသွေးက ပြောကြားသည်။
အမျိုးသား လူငယ်ကွန်ဂရက်မှ စေတနာ့ ၀န်ထမ်း လျှောက်ထားမည့် လူငယ်များကို စည်းကမ်းချက်များ သတ်မှတ်ထားပြီး ယင်းစည်းကမ်းချက်များမှာ အသက် ၁၈ နှစ်မှ ၃၅ နှစ် အတွင်းရှိသော မြန်မာနိုင်ငံသား ဖြစ်ရမည်၊ နိုင်ငံရေး ပါတီဝင် မဖြစ်ရ၊ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းနှင့် ဆွေမျိုးတော်စပ်သူ မဖြစ်ရနှင့် မြန်မာစာ ကောင်းမွန်စွာ ရေးနိုင်ဖတ်နိုင် ရမည်ဆိုသည့် အချက်များပင် ဖြစ်သည်။                     
Writer: 
ဆန်းမိုးထွန်း

http://news-eleven.com/

Post a Comment

 
Top