0


သန်းထွန်း(မြစ်မခ)

ကချင်ပြည်နယ်မိုးညှင်းခရိုင်အတွင်းပြည်ခိုင်ဖြိုးပါတီ USDP ပါတီမှမဲဆွယ်လှုံ့ဆော်ရေးယာဉ်တန်း ကြောင့် မြို့တွင်းလမ်းများ ပိတ်ဆို့မှုဖြစ်ပေါ်ကာ ပတ်ဝန်းကျင်အထိတ်တလန့်ဖြစ်ခဲ့ရကြောင်း ဒေသခံများထံမှ သိရှိရသည်။

အဆိုပါ ပါတီမှလွှတ်တော်ကိုယ်စားလှယ်လောင်း ၅ ဦး၏ ဓာတ်ပုံပါသောမြေစိုက်ပိုစတာများကို စက်တင်ဘာလ ၂၄ ရက် နံနက်တွင် မိုးညှင်းမြို့၊ နမီးစုရပ်ကွက်ရှိ ပြည်ခိုင်ဖြိုးပါတီခရိုင်ရုံးရှေ့တွင် စိုက်ထူပြီး မိုးညှင်းမြို့နှင့် နန်းမားဒေသရှိ ရပ်ကျေးပြည်ခိုင်ဖြိုးပါတီဝင်တာဝန်ရှိသူများက မိုးညှင်းမြို့ပေါ်လမ်းမကြီးများတွင် လှည့်လည်ဟောပြောခဲ့ကြောင်း သိရသည်။

“ဘယ်ပါတီကမှမလုပ်ဆောင်တဲ့ လူစုလူဝေးနဲ့အတူ ကားတွေပေါ်ကအသံချဲ့စက်နဲ့ဆိုတော့ဗြုန်းကနဲ အော်လိုက်တော့  ရှစ်လေးလုံးအရေးအခင်းကို သတိရပြီး လန့်သွားတယ်၊ သေသေချာချာပြန်နား ထောင်တော့မှ မဲဆွယ်စည်းရုံးနေတယ်ဆိုတာသိမှ စိတ်အေးရတော့တယ်။’’ဟု မိုးညှင်းဒေသခံ ဦးထွန်းထွန်းက ပြောသည်။

မိုးညှင်းမြို့နယ်အတွင်း ၀င်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ(၉)ခုရှိပြီး မည်သည့် ပါတီမှ မလုပ်ဆောင် သေးသော ပါတီဝင်လူအင်အား ခုနှစ်ရာကျော်က ဆိုင်ကယ်၊ကား၊သုံးဘိန်း စုစုပေါင်း(၃၉)စီး ပါဝင်သည့် ယာဉ်တန်းကားပေါ်မှ မဲဆန္ဒရှင်မိဘပြည်သူများဟု အမည်တပ်ကာ ကြေညာသည့် မဲဆွယ် စည်းရုံးမှု မိုးညှင်းပြည်ခိုင်ဖြိုးပါတီမှ ပထမအကြိမ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ၄င်းထံမှသိရသည်။

“ ပြည်ခိုင်ဖြိုးပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကိုတော့ အတွေ့အကြုံနဲ့ အရည်အချင်း ရှိပြီး ကိုယ်ဒေသကိုယ့်ရပ်ရွာကို စေတနာထက်သန်စွာနဲ့ စွမ်းဆောင်ပေးနိုင်မယ် ပုဂ္ဂိုလ်တွေကို ရွေးချယ်ထားပါတယ်။ ဒါကြောင့် အနာဂတ်ဘ၀ ပြောင်းလဲတိုးတက်ဖို့ပြည်ခိုင်ဖြိုး ပါတီကိုမဲပေးကြပါ စို့လို့ တစ်မြို့လုံးကြားအောင် နှိုးဆော် တာပါ” ဟု ရွာသစ်ကုန်းကျေးရွာပြည်ခိုင်ဖြိုးပါတီ မှ ဦးဇော်တူးက ပြောသည်။

ထို့အပြင် ရွေးကောက်ပွဲမဲထည့်ရမည့်ရက် နီးကပ်လာသည်နှင့်အမျှ ပြည်သူများအနေဖြင့် မဲစာရင်းတွင် အမည်ပါမပါကို ဦးစွာစိစစ်ရန် လိုအပ်ပြီး မဲထည့်ပုံနည်းစနစ်ကိုများကိုလည်း လေ့လာထားရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။

ပြည်ခိုင်ဖြိုးပါတီအနဖြင့် မိုးညှင်းမြို့နယ်အတွင်း ပြည်သူလွှတ်တော်နေရာတွင် ဦးကျော်စိုးလေး၊ အမျိုး သားလွှတ်တော်တွင် ဦးစိုးတင့်အောင်၊ပြည်နယ်လွှတ်တော်တွင် ဦးညွန့်အောင်၊ ရှမ်းတိုင်းရင်းသားရေးရာ ၀န်ကြီးနေရာတွင် ဦးစပ်ခွန်ထွန်းနှင့် ဗမာတိုင်းရင်းသားရေးရာဝန်ကြီးနေရာတွင် ဒေါ်နုနုရီတို့မှ ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

မိုးညှင်းမြို့ခရိုင်အတွင်းရှိ မဲရုံ(၂၄၉)ရုံရှိကာ နိုင်ငံရေးပါတီ(၁၁) ခုမှ ကိုယ်စားလှယ်လောင်း (၈၆)ဦးဝင် ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီမှ မိုးညှင်းမြို့နယ်အတွင်းလွှတ်တော်ကိုယ်စားလှယ်(၅)ဦး၊ မိုးကောင်းမြို့နယ်မှလွှတ်တော်ကိုယ်စားလှယ်(၄)ဦး၊ဖားကန့်မြို့နယ်မှလွှတ်တော်ကိုယ်စားလှယ်(၄)ဦး စုစုပေါင်းကိုယ်စားလှယ်(၁၃)ဦး ယှဉ်ပြိုင်အရွေးခံမည်ဖြစ်ကြောင်း မိုးညှင်းခရိုင်ကော်မရှင်အဖွဲ့ခွဲမှ သိရ သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှလည်း မိုးညှင်းမြို့နယ်အတွင်း အောက်တိုဘာ(၃)ရက်နေ့တွင် ပါတီ ဥက္ကဌဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လူစုလူဝေးများဖြင့် စည်းရုံးရေးဆင်းမည်ဖြစ်ကြောင်း ကိုလည်း သိရသည်။

http://myitmakhamediagroup.com/news/regional-news/5094/

Post a Comment

 
Top