0

ဝါရှင်တန်၊ စက်တင်ဘာ ၂၆
ကမ္ဘာ့အရေးကိစ္စကြီးများနှင့် ဆက်နွှယ်ပြီး နှစ်နိုင်ငံအကြား သဘောထားကွဲလွဲမှုနှင့် တင်းမာမှုအချို့ ရှိနေသော်လည်း အမေရိကန်ပြည်ထောင်စုသို့ သမိုင်းဝင်ခရီးစဉ် အဖြစ် ရောက်ရှိနေသော တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတရှီကျင့်ဖျင်ကို သမ္မတ ဘားရက်အိုဘားမားက အိမ်ဖြူတော်တွင် ကြီးကျယ်ခမ်းနားသော ဧည့်ခံမှုဖြင့် တွေ့ဆုံခဲ့ကြောင်း အမေရိကန် သတင်းဌာနများက ရေးသားဖော်ပြသည်။
အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့သည် ဆိုက်ဘာထောက်လှမ်းရေးလုပ်မှု၊ တောင်တရုတ်ပင်လယ်တွင်း ပိုင်နက်အငြင်းပွားမှုအပေါ် သဘောထားကွဲလွဲမှု အစရှိသည်တို့နှင့် ရင်ဆိုင်နေကြရသော်လည်း အိုဘားမားက အိမ်ဖြူတော်၌ လက်ခံတွေ့ဆုံရာတွင် သေနတ်ကိုင် စစ်မှုထမ်း ၂၁ ဦးပါသော ဂုဏ်ပြုတပ်ဖွဲ့ဖြင့် အလေးပြုပြီး ရှီကျင့်ဖျင်ကို ဂုဏ်ပြုဧည့်ခံခဲ့သည်။
ဆွေးနွေးမှုအပြီးတွင် အိုဘားမားနှင့် ရှီကျင့်ဖျင်တို့က နှစ်နိုင်ငံအနေနှင့် ဆိုက်ဘာလုံခြုံရေး ချိုးဖောက်မှုများနှင့် သတင်းအချက်အလက် ခိုးယူမှုများကို အကာအကွယ်ပေးသွားရန် သဘောတူညီမှု ရရှိလိုက်ပြီဖြစ်ကြောင်း ပြောကြားသည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်က အမေရိကန်နှင့် တရုတ် နှစ်နိုင်ငံ ဆက်ဆံရေးသည် ယခုအခါ စမှတ်အသစ်တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်သည်ဟု ပြောကြားသည်။
အိုဘားမားကမူ “ကျွန်တော်တို့ မဟာအင်အားကြီး နိုင်ငံကြီး နှစ်နိုင်ငံ အတူတကွ ပူးပေါင်းအလုပ်လုပ်ကြမယ် ဆိုရင် ရာစုနှစ်ဝက်တာကာလ ကမ္ဘာ့အစီအစဉ်ကို ကောင်းစွာ ပုံဖော်နိုင်လာကြမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။
ထို့ပြင် လူ့အခွင့်အရေးကိစ္စနှင့် ဆက်နွှယ်သော စိုးရိမ်စရာ ကိစ္စများသည် ဝါရှင်တန်နှင့် ဘေဂျင်းအကြားတွင် ရှိသော တွန်းအားပေး ရုန်းကန်မှုဟူသည့် ကိစ္စတွင် အရင်းတည်လျက် ရှိသည်ဟု ဆိုသည်။
“ပြည်သူတွေအားလုံးရဲ့ လူ့အခွင့်အရေး မြင့်တက်အောင် လုပ်ဆောင်ထားနိုင်ပြီ ဆိုရင် နိုင်ငံတွေဟာ ပိုပြီးအောင်မြင်လာကြပါလိမ့်မယ်၊ ကမ္ဘာကြီးလည်း ပိုပြီး တိုးတက်ဖွံ့ဖြိုးလာမှာ ဖြစ်ပါတယ်” ဟု သမ္မတအိုဘားမားက ပြောကြားသည်။
ရက်သတ္တတစ်ပတ်ခန့် ကြာမြင့်မည့် အမေရိကန် ခရီးစဉ်တွင် သမ္မတ ရှီကျင့်ဖျင်သည် ဆီယက်တယ်မြို့ကို ဦးစွာရောက်ရှိပြီး ထိုမှတစ်ဆင့် ဝါရှင်တန်သို့ ရောက်ရှိလာကာ အိုဘားမားနှင့် တွေ့ဆုံခြင်းဖြစ်သည်။
အိမ်ဖြူတော်၌ ညစာစားရင်း ပြုလုပ်သော ဆွေးနွေးပွဲတွင် အိုဘားမားနှင့် ရှီကျင့်ဖျင်တို့သည် နှစ်နိုင်ငံအကြား သဘောထားကွဲလွဲမှုများကို ဖြစ်ပေါ်စေသည့် အရေးကြီးကိစ္စရပ်များကို အလေးထား ဆွေးနွေးကြသည်ဟု အိမ်ဖြူတော်မှ အရာရှိကြီးများက ပြောကြားသည်။
နှစ်နိုင်ငံအကြား ထိလွယ်ရှလွယ် ဖြစ်စေနိုင်သည့် ပြဿနာများနှင့် အရေးကိစ္စများ ရှိနေသော်လည်း အမေရိကန်နှင့် တရုတ် နှစ်နိုင်ငံအနေနှင့် ရာသီဥတုပြောင်းလဲမှု အတွက် ပူးပေါင်းလုပ်ဆောင်နိုင်ကြမည် ဖြစ်သည်ဟု အမေရိကန် အရာရှိကြီးများက ဆိုသည်။
အမေရိကန်ပြည်ထောင်စု၏ စီးပွားရေး အချက်အလက်များနှင့် အစိုးရဝန်ထမ်းများ၏ ကိုယ်ရေးအချက်အလက်များကို တရုတ်ဟက်ကာများ ခိုးယူခဲ့သည်ဟူသော စွပ်စွဲချက်များနှင့် ပတ်သက်၍ အိုဘားမားနှင့် ရှီကျင့်ဖျင်တို့ ထည့်သွင်းဆွေးနွေးနိုင်သည်ဟု အိမ်ဖြူတော် အရာရှိကြီးများက သမ္မတနှစ်ဦး မတွေ့ဆုံမီ ခန့်မှန်းပြောဆိုခဲ့ကြသည်။
အဆိုပါ ဆိုက်ဘာလုံခြုံရေး ချိုးဖောက်မှုအတွက် အမေရိကန်ပြည်ထောင်စု အနေနှင့် တရုတ်နိုင်ငံမှ သက်ဆိုင်ရာ တာဝန်ရှိသူများကို ပိတ်ဆို့အရေးယူရန် စဉ်းစားမည်ဟု သမ္မတရှီကျင့်ဖျင် အမေရိကန်သို့ မရောက်မီ အိုဘားမားက ပြောဆိုခဲ့သေးသည်။
The Voice Weekly

Post a Comment

 
Top