ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဧရာဝဏ်နတ်ကွန်း ဗုံးဖောက်ခွဲမှုမှာ ဗုံးထောင်ခဲ့သူကို ဖောက်ခွဲရေးပစ္စည်းပါတဲ့ အိတ်တအိတ် ပေးခဲ့တာဖြစ်ကြောင်း အဓိက သံသယရှိသူတစ်ဦးက ၀န်ခံခဲ့တယ်လို့ ထိုင်းရဲက ပြောပါတယ်။
အဆိုပါ သံသယရှိသူအဖြစ် ဖမ်းဆီးထားတဲ့ Yusufu Mieraili ကို ဘန်ကောက် ရထားဘူတာရုံကို ခေါ်သွားပြီး အိတ်ပေးလိုက်တာကို ပြန်လည်သရုပ်ဆောင်ခိုင်းခဲ့တယ်လို့ ရဲ ပြောခွင့်ရပုဂ္ဂိုလ် Prawut Thavornsiri က ကြေညာခဲ့ပါတယ်။
ပြီးခဲ့တဲ့လ ၁၇ ရက်နေ့က ဧရာဝဏ်နတ်ကွန်းမှာ ဗုံးပေါက်ကွဲခဲ့တဲ့အတွက် လူ ၂၀ သေဆုံးခဲ့ပါတယ်။
နိုင်ငံခြားသား နှစ်ဦးကို ဖမ်းဆီးထားပေမယ့် ဗုံးထောင်ခဲ့သူကိုတော့ ဖမ်းမိခြင်း မရှိသေးပါဘူး။
အင်္ကျီအ၀ါရောင် ၀တ်ထားသူ တစ်ဦးက အိတ်တအိတ်ကို ဧရာဝဏ်နတ်ကွန်းမှာ ထားခဲ့ပြီး ထွက်သွားတဲ့နောက်ပိုင်း မကြာခင်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာကို လုံခြုံရေးကင်မရာတွေမှာ တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။
Yusufu Mieraili နဲ့ အကျီအ၀ါဝတ်ထားတဲ့လူဟာ ဟွာလမ်ဖုန်း ဘူတာကြီးမှာ တွေ့ဆုံပြီး အိတ်ချင်းလဲခဲ့တာဖြစ်ကြောင်း မစ္စတာ Prawut က သတင်းထောက်တွေကို ပြောပါတယ်။
သူသယ်ခဲ့တဲ့ အိတ်ဟာ လေးလံပြီး ဗုံးတစ်ခုဖြစ်ကြောင်း မစ္စတာ Mieraili က ပြောတယ်လို့လည်း မစ္စတာ Prawut က ဆိုပါတယ်။
မစ္စတာ Mieraili ဟာ မည်သည့်နိုင်ငံသားဆိုတာ ရဲက အတည်ပြု ပြောဆိုတာ မရှိသေးပေမယ့် သူဟာ တရုတ်နိုင်ငံကူးလက်မှတ်ကို ကိုင်ဆောင်ထားတယ်လို့ ဆိုပါတယ်။ သူ့ကို အခုလ အစောပိုင်းက ကမ္ဘောဒီးယားနယ်စပ်အနီးမှာ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။
ဖမ်းဆီးထားသူ နောက်တစ်ဦးကတော့ Adem Karadag ဆိုသူ ဖြစ်ပါတယ်။
အသက် ၂၇ နှစ်အရွယ် Abudureheman Abudusataer ဆိုသူရဲ့ ဓာတ်ပုံကိုလည်း သတင်းပေးဖို့ ထိုင်းရဲက ထုတ်ပြန်ထားပါတယ်။
BBC Burmese
Post a Comment