ရန်ကုန်၊ စက်တင်ဘာ ၈
ယခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် လွတ်လပ်တရားမျှတမှု ရှိမရှိ စောင့် ကြည့်ရန် ဂျပန်နိုင်ငံရှိ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့များကို စေလွှတ်မည်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေး ဝန်ကြီး ဖူမီအိုကီရှီဒါ (Fumio Kishida) က ပြောကြားသည်။
စက်တင်ဘာလ ၇ ရက်နေ့တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် မြန်မာနိုင်ငံတွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ၎င်းက ယင်းသို့ ပြောဆိုခြင်းဖြစ်ကြောင်း ဂျပန်နိုင်ငံ အခြေစိုက် NHK သတင်းဌာနတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံသို့ စေလွှတ်မည့် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့များကို မြန်မာနိုင်ငံ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အဓိက ကူညီထောက်ပံ့လျက်ရှိသော နီပွန် ဖောင်ဒေးရှင်း Nippon Foundation ဥက္ကဋ္ဌ ယိုဟီဆာဆာခါဝါက ဦးဆောင်မည် ဖြစ်ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။
သို့သော်လည်း အဆိုပါ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့များကို မည်သည့်အချိန်တွင် စေလွှတ်မည်ကိုမူ ဖော်ပြထားခြင်းမရှိပေ။
လက်ရှိတွင် အထွေထွေ ရွေးကောက်ပွဲ လွတ်လပ်တရားမျှတမှုရှိ မရှိ ကို စောင့်ကြည့်လေ့လာရန် အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဥရောပသမဂ္ဂ EU၊ ကာတာစင်တာ Carter Center တို့နှင့် နှစ်ဖက် နားလည်မှုစာချွန်လွှာ ရေးထိုးထားကြောင်း အဆိုပါကော်မရှင်ထံမှ သိရသည်။
ထို့အပြင် နယ်သာလန်နိုင်ငံ အခြေစိုက် GCI (Gender Concerns International) နှင့် ဖိလစ်ပိုင်နိုင်ငံ အခြေစိုက် NAMFREL (National Citizen’s Movement for Free Elections) အဖွဲ့တို့အပြင် အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့ အခြေစိုက် IRI (The International Republican Institute) ကိုလည်း ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမှုများ ပြုလုပ်နိုင်ရန် ဖိတ်ကြားထားကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။
နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူများသည် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များတွင် နိုင်ငံရေး ဘက်လိုက်ခြင်းကင်းမှုကို တိကျစွာ ထိန်းသိမ်းရမည် ဖြစ်ပြီး ရွေးကောက်ပွဲ လုပ်ငန်းစဉ်နှင့် ပတ်သက်သော ပြဿနာများကို ဦးစားပေးသော အသွင်အပြင်များ ထုတ်ဖော်ပြသခြင်း မပြုလုပ်ရန် တားမြစ်ထားကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သော နိုင်ငံတကာရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်သူများ လိုက်နာရမည့်ကျင့်ဝတ် ၁၆ ချက်တွင် ပါရှိသည်။
ထို့အပြင် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူများအနေနှင့် ကျင့်ဝတ်များကို ဖောက်ဖျက်ပါက ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူအဖြစ် အသိအမှတ်ပြုထားခြင်းကို ရုပ်သိမ်းခွင့် ရှိကြောင်း ယင်းကျင့်ဝတ်တွင် ဖော်ပြထားသည်။
Post a Comment