မြိတ်မြို့ မြို့လယ်ကောင်ရှိ ဗိုလ်ချုပ် မြင်းစီးကြေးရုပ်တုပေါ်သို့ စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်က စိတ်ကျန်းမာရေး ချို့ယွင်းသည့် အမျိုးသားတစ်ဦး တက်စီးခဲ့ကြောင်း မြို့ခံမျက်မြင် များထံမှ သိရသည်။
အခင်းဖြစ်ပွားချိန်သည် ကျောင်းဆင်းခါနီး ဖြစ်သည့်အတွက် ယာဉ်သွားယာဉ်လာများနှင့် လာရောက် ကြည့်ရှုသူ များကြောင့် မိနစ် ၂၀ ခန့် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားခဲ့ကြောင်း အခင်းဖြစ်သည့် နေရာသို့ သွားကြည့်ခဲ့သည့် မြို့ခံ ဆိုင်ကယ်အငှား ယာဉ်မောင်းတစ်ဦးက ပြောသည်။
ဗိုလ်ချုပ်မြင်းစီးကြေးရုပ်ပေါ် တက်စီးသူကို မြိတ်မြို့နယ် ရဲစခန်းက လာရောက် ခေါ်ဆောင်သွားပြီး ယင်းမှတစ်ဆင့် မြိတ်ပြည်သူ့ဆေးရုံသို့ ပို့ပြီး စစ်ဆေးရာ အမှန်တကယ်ပင် စိတ်ကျန်းမာရေး ချို့ယွင်းသူတစ်ဦး ဖြစ်ကြောင်း အတည်ပြု နိုင်ခဲ့သည်ဟု မြိတ်မြို့နယ်ရဲစခန်းမှ သိရသည်။
“စိတ်မနှံ့တဲ့သူတစ်ဦး ဖြစ်နေပါတယ်။ ဒါကြောင့် အရေးမယူဘဲ ပြန်လွှတ်ပေးလိုက်ပါပြီ” ဟု မြိတ်မြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဗိုလ်ချုပ်မြင်းစီးကြေးရုပ်တွင် တက်ရောက်စီးနင်းသူ ဦးအောင်ဇော်(ခ) အောင်ဇော်ထူး အသက် ၄၉ နှစ်ဖြစ်ပြီး မြိတ်မြို့ ကန်ဖျားနယ်မြေ၊ ပလောက်စု ရပ်ကွက်၊ ရဲသိပ္ပံ (၃) လမ်းတွင် နေထိုင်သူ တစ်ဦးဖြစ်ကြောင်း ယင်းရဲစခန်းထံမှ သိရသည်။
မြိတ်တွင် ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့ကလည်း ယင်းမြင်းစီး ကြေးရုပ်ရှိ ဗိုလ်ချုပ်လက်ထဲ သာသနာ့အလံတစ်ခု အမည်မသိသူတစ်ဦးက လာရောက် စိုက်ထူမှု ဖြစ်ခဲ့ဖူးသည်။
(Dawei Watch)
The Voice Weekly
Post a Comment