0

ခိုလှုံခွင့်တောင်းခံသူများကို စံချိန်တင်အရေအတွက် လက်ခံရန် စီစဉ်ထား၍ ဂျာမနီ နိုင်ငံ၏ ကုန်ကျစရိတ်သည် ယမန်နှစ်က ဒုက္ခသည်များအတွက် အစိုးရအသုံးပြုခဲ့သည့် ငွေပမာဏ၏ လေးဆဖြစ်သော ယူရို ၁၀ ဘီလီယံအထိ ရှိနိုင်ကြောင်း ဂျာမန်သတင်းစာ တစ်စောင်က ဖော်ပြသည်။
သို့သော် ဥရောပ၏ အကြီးမားဆုံး စီးပွားရေးရှိသည့် ဂျာမနီနိုင်ငံသို့ ယခုနှစ်အတွင်း ဒုက္ခသည် ၈၀၀,၀၀၀ ၀င်လာမည်ဟု မျှော်လင့်ရသော်လည်း နိုင်ငံအဓိပတိ အန်ဂျလာမာကယ်က ဂျာမနီနိုင်ငံ၏ ဘဏ္ဍာငွေကို ဟန်ချက်ညီစေရန် ရည်ရွယ်ထားဆဲဖြစ်သည်ဟု စက်တင်ဘာ ၅ ရက်တွင် ပြောကြားသည်။
၂၀၁၄ အတွင်း ခိုလှုံခွင့်တောင်းခံသူ ၂၀၃,၀၀၀ အတွက် ဂျာမနီအစိုးရ အသုံးပြုခဲ့သည့် ကုန်ကျစရိတ်၏ လေးဆအထိကို ယခုနှစ်အတွင်း အသုံးပြုရလိမ့်မည်ဟု ဂျာမနီ Frankfurter Allgenmeine Zeitung နေ့စဉ်သတင်းစာက တွက်ချက်ဖော်ပြသည်။
ခိုလှုံခွင့်တောင်းခံမည်ဟု မျှော်လင့်ရသော လူအရေအတွက် ခန့်မှန်းချက်ကို ဘာလင်အစိုးရက တိုးမြှင့်မသတ်မှတ်မီ နောက်ထပ်လူပေါင်း ၄၅၀၀၀ ခန့် ကို နေရာချထားရေးအတွက် ယူရို ၅ ဒသမ ၆ ဘီလီယံ သီးသန့်ထားရှိခဲ့ကြောင်း ယင်းသတင်းစာက ဖော်ပြသည်။
ဂျာမနီနိုင်ငံသို့ ရောက်လာသော ရွှေ့ပြောင်းနေထိုင်သူ အရေအတွက် ပိုများလာခြင်းနှင့်အတူ ဖက်ဒရယ်၊ ဒေသဆိုင်ရာနှင့် ဒေသတွင်းစသော အစိုးရအဆင့် အားလုံးအတွက် ခန့်မှန်းကုန်ကျ စရိတ်သည် ယူရို ၁၀ ဘီလီယံရှိ လာမည်ဟု ယင်းသတင်းစာက ဖော်ပြသည်။
ဒုက္ခသည်တစ်ဦးအတွက် ခိုလှုံခွင့်လျှောက်ထားစဉ် တစ်လလျှင် နေရာထိုင်ခင်း၊ အစားအသောက်၊ ဆေးဝါးကုသမှုနှင့် တစ်လအသုံးစရိတ် ၁၄၃ ယူရို အပါအ၀င် ဒေသဆိုင်ရာ အာဏာပိုင်များ ယူရို ၁၂,၀၀၀ နှင့် ၁၃,၀၀၀ ကြား အသုံးပြုရလိမ့်မည်ဟု ဂျာမနီအစိုးရက ခန့်မှန်းထားသည်။
ယင်းကဲ့သို့ ဘဏ္ဍာရေးဆိုင်ရာ စိန်ခေါ်မှုများ ရှိနေသော်လည်း မစ္စစ်မာကယ်က နိုင်ငံ့ဘဏ္ဍာရေး ငွေကို ဟန်ချက်ညီစေလိုသည်ဟု ပြောကြားသည်။
စက်တင်ဘာ ၅ ရက် တစ်ရက်တည်းမှာပင် သြစတြီးယား နိုင်ငံမှ နယ်စပ်ကို ဖြတ်ကျော်လာမည့် ရွှေ့ပြောင်းနေထိုင်သူ ၇,၀၀၀ ခန့်ကို ဂျာမနီက လက်ခံရမည်ဟု မျှော်လင့်ထားသည်။
ဓာတ်ပုံ-ရိုက်တာ
7Day News Journal

Post a Comment

 
Top