0

ဟုမ္မလင်း၊ စက်တင်ဘာ ၂၇
မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ကူးပြောင်းရေးတွင် အရေးပါသော ၂၀၁၅ ရွေးကောက်ပွဲအတွက် မဲပေးရာတွင် ဝန်ထမ်းများ အနေနှင့် အကြောက်တရားကင်းပြီး သတ္တိရှိကြရန် ဒေါ်အောင်ဆန်းစုကြည်က ဟုမ္မလင်းမြို့၌ ပြုလုပ်သော လူထုတွေ့ဆုံပွဲတွင် တိုက်တွန်းပြောကြားသည်။
“ဌာနဆိုင်ရာ တော်တော်များများ အကြီးအကဲတွေက ဝန်ထမ်းတွေကို ခြိမ်းခြောက်မှုတွေ ရှိတယ်လို့ သိရတယ်။ NLD ကို မဲပေးလိုက်ရင်ပဲ ရာထူးမတက်တော့မှာလိုလို ဘာလိုလို။ ဒါကတော့ တခြားပါတီကို မဲပေးရမယ်။ မပေးလို့ရှိရင် အရေးယူမယ် ဆိုတာမျိုး။ ဒါမတရားသက်သက် ခြောက်နေတာပါ။ မကြောက်ပါနဲ့။ ဘယ်သူ့ကို မဲထည့်တယ် ဆိုတာလဲ ဘယ်သူမှ သိမှာမဟုတ်ပါဘူး။ လျှို့ဝှက်မဲပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ရွေးကောက်ပွဲတွင် ဝန်ထမ်းများ အနေနှင့် ကြိုတင်မဲကိစ္စနှင့် နယ်ပြောင်းကိစ္စရှိသည့် အတွက် တစ်နေရာမှ တစ်နေရာ ပြောင်းရသည့်အခါ မည်သည့်နေရာတွင် မဲပေးရမှန်း မသိသည့်ကိစ္စ ယင်းနှစ်ချက်ကို ကာယကံရှင် ဝန်ထမ်းများ သိရှိလေ့လာထားစေချင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ရှင်းပြသည်။
မိမိလက်အောက်မှ ဝန်ထမ်းများကို မဲပေးခွင့် ရရှိစေရန် ဆောင်ရွက်ပေးထားသကဲ့သို့ အကြောက်တရားမရှိဘဲ မှန်မှန်ကန်ကန် မဲပေးနိုင်ရန် လမ်းညွှန်မှု ပေးထားကြောင်း ခန္တီးခရိုင် ပြည်သူ့ဆေးရုံ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာလ ၂၅ ရက်နေ့တွင် ခန္တီးမြို့၌ လည်းကောင်း၊ စက်တင်ဘာလ ၂၆ ရက်နေ့တွင် ဟုမ္မလင်းမြို့နယ် ထမံသီကျေးရွာ၌ လည်းကောင်း၊ ၂၇ ရက်နေ့တွင် ဟုမ္မလင်းမြို့၌ လည်းကောင်း ၂၀၁၅ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် မဲဆွယ်စည်းရုံးခဲ့သည်။


The Voice Weekly

Post a Comment

 
Top