0

          မြောက်ကိုရီးယားရှိ အထက်တန်း လွှာများသည် လက်ထပ် မင်္ဂလာပွဲ များအား အမေရိကန် ဒေါ်လာ ထောင်ပေါင်းများစွာ အကုန်အကျခံ ကျင်းပနေကြောင်း RFA သတင်းဌာနက မြောက်ကိုရီးယားရှိ သတင်းအရင်းအမြစ် တစ်ခုကို ကိုးကားပြီး ဖော်ပြခဲ့သည်။
          မြောက်ကိုရီးယားတွင် မင်္ဂလာပွဲ ကျင်းပသည့် ရာသီကို ရောက်ရှိနေပြီ ဖြစ်သောကြောင့် နိုင်ငံတွင်းရှိ ငွေကြေးတတ်နိုင်သော မိသားစုများသည် မြောက်ကိုရီးယား နိုင်ငံ၏ အတိုင်းအတာဖြင့် ကြည့်လျှင် ဇာချဲ့လွန်းသော အခမ်းအနားများကို ငွေကုန်ကြေးကျ များစွာဖြင့် ကျင်းပနေကြောင်း အမည်မဖော်လိုသည့် သတင်းအရင်းအမြစ်က ပြောဆိုခဲ့သည်။
          မြို့တော် ပြုံယမ်းရှိ နာမည်ကျော် ခန်းမများတွင် အစားအစာနှင့် ဖျော်ဖြေရေးအတွက် ဒေါ်လာ ထောင်ပေါင်း များစွာကို အကုန်အကျခံ ကျင်းပနေကြခြင်း ဖြစ်ပြီး၊ ပြုံယမ်း နေသူများသည် အိမ်မှာထက် စားသောက်ဆိုင် များတွင် မင်္ဂလာပွဲ ကျင်းပရန် ပိုမိုဆန္ဒရှိနေ ကြပြီဖြစ်ကြောင်း တရုတ်တွင် နေထိုင်နေသည့် ပြုံယမ်းသားတစ်ဦးက ပြောဆိုခဲ့သည်။
          လက်ထပ် မင်္ဂလာပွဲများ အတွက် အထူးရည်ရွယ် ဖွင့်လှစ်ထားသည့် ခွန်ဂီယွန်-ကွန်စား သောက်ဆိုင်သည် ပရိသတ် (၁၀၀) နှင့် အထက်ကိုသာ လက်ခံပြီး၊ တစ်ဦးလျှင် ငါးဒေါ်လာ ကုန်ကျမည့်   စားသောက်ပွဲများကို စီစဉ်ပေးနေကြောင်း ပြုံယမ်းသား တစ်ဦးက ပြောဆိုခဲ့သည်။ ဟိုတယ်များတွင် ပိုမိုကုန်ကျပြီး လက်ထပ်မင်္ဂလာပွဲ တစ်ပွဲသည် ဒေါ်လာ (၃၀၀၀)လောက်အထိ ကုန်ကျတတ်ကြောင်း ၎င်းက ပြောသည်။ မြောက်ကိုရီးယားရှိ စုစုပေါင်း လူဦးရေ၏ (၇၀) ရာခိုင်နှုန်းမှာ အစားအစာ ပြတ်လပ်မည်ကို စိုးရိမ်နေရသူများ ဖြစ်ကြသည်။
          မင်္ဂလာပွဲများတွင် တတ်နိုင်သူများ သည် နာမည်ကျော်များကို ဖိတ်ကြားခြင်း၊ အဆိုတော်များကို သီဆိုစေခြင်းနှင့် မှတ်တမ်းတင် ဗီဒီယို ရိုက်ကူးခြင်းတို့ကို ပြုလုပ်လေ့ရှိ သည်။ မင်္ဂလာပွဲများသည် နှစ်နာရီမှ သုံးနာရီ အထိ ကြာမြင့်တတ်ကြောင်း RFA သတင်း ဌာနက ဖော်ပြခဲ့သည်။   
Source:UPI
http://messengernewsjournal.com/

Post a Comment

 
Top