0

မုတ်သုံလေဆုတ်ခွာပြီး နောက်ပိုင်းတွင်လည်း မိုးတိမ်တောင်များ၊ မုန်တိုင်းမိုးများ၊ အနောက်လေစီးကြောင်းနှင့် အရှေ့လေပွေ လှိုင်းများကြောင့် နိုဝင်ဘာလကုန်အထိ မိုးရနိုင်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာဦးထွန်းလွင်က ပြောကြားသည်။

“အနောက်တောင် မုတ်သုံလေဟာ မြစ်ဝကျွန်းပေါ် ဒေသများမှ ဆုတ်ခွာခဲ့ပြီ ဖြစ်ပါတယ်။ မုတ်သုံလေ ဆုတ်ခွာပြီး နောက်ပိုင်းမှာလည်း မိုးတိမ်တောင်များကြောင့် ပြန်ကျမိုးများ၊ မုန်တိုင်းမိုးများ၊ အနောက်လေစီးကြောင်းမိုးများ၊ အရှေ့လေပွေလှိုင်းမိုးများ နိုဝင်ဘာအကုန်အထိ ရွာနိုင်ပါသေးတယ်” ဟု ဒေါက်တာဦးထွန်းလွင်က ပြောကြားသည်။

အနောက်တောင် မုတ်သုံလေသည် စက်တင်ဘာ ၂၃ ရက်မှ စတင်ကာ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများမှ ဆုတ်ခွာခဲ့ပြီဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မုတ်သုံလေ ဆက်လက်ဆုတ်ခွာနိုင်မှု အခြေအနေတွင် မြစ်ဝကျွန်းပေါ်ဒေသမှ စက်တင်ဘာ ၂၃ ရက်မှ ၂၇ ရက်အတွင်းနှင့် မြန်မာနိုင်ငံ တစ်ဝန်းလုံးမှ စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ ၃ ရက်အတွင်း ဆုတ်ခွာနိုင်ကြောင်း မိုးဇလမှ ခန့်မှန်းထားသည်။

မိုးနှောင်းကာလတွင် ဘင်္ဂလား ပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း လေးကြိမ်ဖြစ်ပေါ်နိုင်ပြီး နှစ်ကြိမ်သည် ပိုမိုအားကောင်းကာ မုန်တိုင်းငယ်အဖြစ်သို့ ပြောင်းလဲနိုင်ကြောင်း မိုးဇလမှ ခန့်မှန်းထားပြီး လက်ရှိ မိုးနှောင်းကာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း နှစ်ကြိမ် ဖြစ်ပေါ်ခဲ့ပြီး ဖြစ်ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံ၏ နှစ်စဉ် မုတ်သုံဝင်ရောက်မှုသည် ၁၉၇၇ ခုနှစ် နောက်ပိုင်းတွင် နောက်ကျလာခဲ့ပြီး မုတ်သုံဆုတ်ခွာမှုမှာမူ စောလာခဲ့သည်ဟု သိရသည်။ မိုးရွာသွန်းသည့် ကာလမှာလည်း တိုတောင်းလာခဲ့သည်။ မိုးရွာသွန်းရက် ၁၄၄ ရက်ဝန်းကျင် ရရှိနေခဲ့ရာမှ ၁၉၉၇ ခုနှစ်တွင် ၁၀၃ ရက်အထိ ကျဆင်းခဲ့သည်။
http://news-eleven.com/

Post a Comment

 
Top