မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၂၅ နှစ်ခန့်အတွင်း မြန်မာပြည်မှ ဥရောပသို့ ပထမဆုံး ပြန်လာသည့်ခရီးစဉ်၌ အသက် (၃၄) နှစ်အရွယ်သားဖြစ်သူ ကင်အဲရစ်ကို မိခင်ဘေးနားရပ်လျက် မြင်တွေ့ရသည့်အဖြစ်က စိတ်ထိခိုက်စရာပင်ဖြစ်၏။
ဒေါ်အောင်ဆန်းစုကြည် သည် သားငယ်ကင်၏အကြောင်း (သို့မဟုတ်) ကင်၏အစ်ကိုသား အကြီးအလက်ဇန္ဒားအကြောင်း ကိုရော ခင်ပွန်းဖြစ်သူ မိုက်ကယ် အဲရစ်နှင့်အတူ အောက်စဖို့ဒ်တွင် သားနှစ်ယောက်ကို ပြုစုပျိုး ထောင်ခဲ့သည့်အချိန်ကာလများ အကြောင်းကို မကြာခဏ ပြော ကြားလေ့ မရှိပေ။ သို့သော် ၂၀၁၂ တွင် ၁၉၉၀ ပြည့်နှစ်က ရရှိခဲ့သည့် သူ၏နိုဗယ် ငြိမ်းချမ်းရေးဆုကို လက်ခံသည့် အခမ်းအနား၌ ရန်ကုန်မြို့တွင် နေအိမ်အကျယ် ချုပ်ကျနေရသည့် ၁၅နှစ်အတွင်း ဗုဒ္ဓဘာသာဝင်တို့၏ ဒုက္ခခြောက်ပါးကိုသာ နှလုံးသွင်းဆင်ခြင်ခဲ့ရ သည့်အကြောင်းကို ဒေါ်စုကပြောကြားခဲ့သည်။ ဓမ္မစကြာတရား တော်ပါ ဒုက္ခ ခြောက်ပါးအနက် ငါးခုမြောက်ဖြစ်သော ချစ်ခင်နှစ်သက်သူတို့နှင့် ကွေကွင်းရခြင်းဆင်းရဲဒုက္ခကို သူခံစားခဲ့ရသည် ဟုဆိုသည်။
မြန်မာပြည်တွင် ဒီမိုကရေစီ ရရှိရေးအတွက် ဒေါ်အောင်ဆန်း စုကြည် ကြိုးပမ်းနေသည့် ခက် ခဲရှည်လျားသော ကာလအတွင်း သူနှင့်မိသားစုသည် အကြီးအကျယ်နစ်နာထိခိုက်ခဲ့သည်။ နေအိမ်အကျယ်ချုပ် ကျနေရသည့်အတွက် သူ၏သားများ အရွယ်ရောက် ကြီးပြင်းလာမှုနှင့် လွဲခဲ့ရသည်။ သူ၏သားများသည် မိခင်ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာအစိုးရ ဗီဇာပေးသည့် ရှားရှားပါးပါးအခါများတွင်သာ တွေ့ဆုံခွင့်ရခဲ့ကြသည်။
၁၉၈၈ မတ်လတွင် အသည်းအသန်နေမကောင်းဖြစ်နေသည့် မြန်မာပြည်ရှိ မိခင် ဒေါ်ခင်ကြည်ကိုပြုစုရန် ဒေါ်အောင်ဆန်းစုကြည်က အောက်စဖို့ဒ်မြောက်ပိုင်းရှိ နေအိမ်မှ မြန်မာပြည်သို့သွားရန် ထွက်ခွာခဲ့စဉ်ကအဲရစ်သည် အသက်(၁၂) နှစ်သာသာ ရှိသေးသည်။
မိခင် ဒေါ်အောင်ဆန်းစုကြည်သည် ရက်သတ္တပတ် အနည်းငယ်အတွင်း အိမ်သို့ပြန်လာလိမ့်မည်ဟု သူတို့မိသားစု တွေးခဲ့ကြသည်။ အောက်စဖို့ဒ် ပတ်ခ်တောင်ဒေသရှိ သူတို့၏ ဗစ်တိုးရီးယားခေတ်ပုံစံအိမ်ကြီးသည် ယခင်ကပင် ပုံမှန် ပြန်ဖြစ်လာမည်ဟု သူတို့အားလုံးက ထင်မှတ်ခဲ့ကြသည်။
သို့သော် အခြေအနေများက ထင်သလို ဖြစ်မလာခဲ့ချေ။ ဒီမို ကရေစီ ဆန္ဒပြမှု အရေးတော်ပုံ လှိုင်းရိုက်ခတ်ခံခဲ့ရပြီး မြန်မာပြည် ကို နှစ်ကာလများ စွာ ရက်စက်စွာ အုပ်ချုပ်ခဲ့သည့် စစ်ဗိုလ်ချုပ်များကို အတိုက်အခံပြုရမည့် ခေါင်း ဆောင်ဟု ဒေါ်အောင်ဆန်းစုကြည် က သူ့ကိုယ်သူမြင်လာခဲ့သည်။
မိုက်ကယ် က ၁၉၈၈ ခရစ္စမတ်မတိုင်မီကာလတွင် ဒေါ်အောင်ဆန်းစုကြည် အိမ်သို့ ပြန်လာလိမ့်မည်ဟု အစက ယုံကြည် နေခဲ့သည်။ သို့သော်လည်း ယခု အကြိမ် အောက်စဖို့ဒ် အိမ်သို့ ဒေါ်စု ပြန်ရောက်လာခြင်းသည် ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ် အဖြစ် မိသားစုရှိရာအိမ်သို့ ပြန်လာခြင်းဖြစ်သည်။ ယခုအခါ ထိုအိမ်ကို သူများထံ ရောင်းချပြီးပြီဖြစ်သည်။ မိတ်ဆွေများက တော့ ဒေါ်စုကို ယခုမြင်တွေ့ရ သလို တရားမျှတမှုအတွက် တစ်ကမ္ဘာလုံး၏ပြယုဂ် အင်အားတစ်ခုဆိုသည်ထက် တစ်ချိန်က အိမ်ထောင်မှုကျေပွန်သောမိခင်တစ် ဦးအဖြစ်သာ အမှတ်ရနေခဲ့ကြ သည်။
၁၉၉၀ ကတည်းကပင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်သည် ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရခဲ့သော်လည်း မြန်မာစစ်အစိုးရက လက်ခံရန် ငြင်းဆန်ခဲ့သည်။ သူ့ကို တိုက်ခိုက်ရန် စိတ်ပိုင်းဆိုင်ရာနည်းများကို အသုံးပြုခဲ့ကြသည်။ ခင်ပွန်းသည်၊ သားများနှင့် အဆက်အသွယ်ကို ကန့်သတ် ပိတ်ပင်လိုက်သည်။ ယခုလိုလုပ်ခြင်းက ဒေါ်အောင်ဆန်းစုကြည်ကို အောက်စဖို့ဒ်သို့ ပြန်သွားစေလိမ့်မည်ဟု ယူဆခဲ့ကြသည်။ နိုင်ငံ့ အပြင်ဘက်၌ အတိုက်အခံလုပ်ခြင်းသည် တိုင်းပြည်ထဲတွင် အတိုက်အခံလုပ်သူတို့ကိုခြိမ်းခြောက်နိုင်မည်ဟု စစ်ဗိုလ်ချုပ်များက တွက်ချက်ယူဆခဲ့ကြ၏။
မြန်မာပြည်သူတွေက သူ့ကို လိုအပ်နေသည့် အချိန်မျိုးတွင် စွန့်ခွာသွားရန် ဒေါ်အောင်ဆန်း စုကြည်က ငြင်းဆန်ခဲ့သည်။ တိုင်းပြည်နှင့် ယှဉ်လာလျှင် မိသားစုကို ဒုတိယမှာထားမည်ဟူ၍ဖြစ် ၏။
သူမြန်မာပြည်ပြင်ပသို့ ထွက် ခွာသွားပါက စစ်ဗိုလ်ချုပ်များက ဘယ်တော့မှ ပြန်လာခွင့်ပြုမည် မဟုတ်သည်ကို ဒေါ်အောင်ဆန်း စုကြည်က သိနေခဲ့သည်။ သူ၏ ခင်ပွန်းသည် ကင်ဆာရောဂါဖြင့် ဆေးကုသနေရသည့် ၁၉၉၉ က သူ့ဆုံးဖြတ်ချက်၏ ခံနိုင်ရည် အတိုင်းအတာ အကဲစမ်းမှုကို ခံရသည်။ မိုင်ကယ်အဲရစ် မကွယ်လွန်မီ နောက်ဆုံးလများတွင် ဒေါ်အောင်ဆန်းစုကြည်ကို လာတွေ့ရန် ပြည်ဝင်ခွင့်ငြင်းပယ်ခြင်းခံရသည်။ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်ကို ထပ်မံဆုံတွေ့ခွင့်မရရှိဘဲ ကွယ်လွန်ခဲ့သည်။
‘‘မိသားစု ပြိုကွဲအပြီးမှာ သူတို့လည်း အခြေအနေ မကောင်းတော့ပါဘူး။ အထူးသဖြင့် အဖေ ကွယ်လွန်သွားပြီးနောက်ပိုင်းမှာ ပေါ့လေ။ မိုင်ကယ်က တကယ့်ကို ဖခင်ကောင်း တစ်ယောက်ပါ။ သူမရှိတော့တဲ့အခါ သူတို့ဘဝ တွေလည်း အရင်လို မလွယ်ကူ တော့ပါဘူး’’ဟု ဒေါ်အောင်ဆန်း စုကြည်က သူ၏သားများဘဝကို ပြောကြားခဲ့သည်။
သူတို့ မိသားစု အားလုံး ပေးဆပ်ခဲ့ရသည့် အကြောင်းကို ဒေါ်အောင်ဆန်းစုကြည်ကပြော ပြခဲသည်။ အထူးသဖြင့် သည် မေးခွန်းများကို သူက ယဉ်ကျေး စွာရှောင်တိမ်းခဲ့သည်။
‘‘ဒါက သူပြောပြချင်တဲ့ အကြောင်း မဟုတ်ဘူး။ ၁၉၈၈ အထိ သူတို့ အောက်စဖို့ဒ်မှာနေတုန်းက သူက တကယ့်မိခင်ကောင်းတစ်ယောက်ပါပဲ။ မိခင် မပါဘဲနဲ့ ဒီနှစ်တွေကို သူတို့ ဖြတ်သန်းခဲ့ရတာ တကယ့်ကို ခက်ခဲမှာပဲ။ အောက်စဖို့ဒ်မှာ ဒေါ်စု မိန့်ခွန်းပြောတုန်းက ကျွန်တော်တို့မြင်ခဲ့ရသလိုပေါ့။ သူပြောပြချင်တဲ့အခါမှပဲ သူ့စိတ်ခံစားချက်တွေကို ဒေါ်စုက ပြောတယ်။ အမြဲတမ်းတော့ သူက ခံစားချက်တွေကို ဘယ်တော့မှ မပြတတ်ဘူး’’ဟု ဒေါ်အောင်ဆန်းစုကြည် အတ္ထုပ္ပတ္တိကိုရေးသားခဲ့သည့် စာရေးဆရာပီတာဖိုဟန်ကပြောသည်။
၁၉၇၂ တွင် ဒေါ်အောင်ဆန်း စုကြည်နှင့်ခင်ပွန်းဖြစ်သူတို့ လက် ထပ်ခဲ့ကြစဉ်က သူတို့ အကြား တရားဝင်သဘောတူညီချက်တစ် ခုရှိခဲ့သည်။
‘‘သူကလေးဘဝကတည်း က သူ့လူမျိုးတွေကို ကူညီရမယ် လို့ စုကစိတ်ထဲမှာစွဲမြဲယုံကြည်ခဲ့ တယ်။ သူတို့က သူ့ကိုလိုအပ်တဲ့ အခါမှာ တစ်နေ့မှာ မြန်မာပြည်ကို ပြန်သွားတာကိုလက်ခံရမယ်’’ဟု မိုက်ကယ်အဲရစ်က ထိုအကြောင်း ကို နောက်ပိုင်းတွင် ရေးသားခဲ့ သည်။
သို့ရာတွင် သားဖြစ်သူတွေ ကတော့ သည်သဘောတူညီချက် ထဲမပါခဲ့ပေ။ ပြည်သူတွေ အတွက် နောက်ပြန်လှည့်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်ကို ဘိုကတော် နိုင်ငံခြားသား ဇနီးဟု စစ်ဗိုလ်ချုပ်တွေက ဒေါသတကြီး ပြစ်တင်ရှုတ်ချခဲ့သည်။ မြန်မာပြည်တွင် ဒေါ်အောင်ဆန်းစုကြည်ကို မကောင်းသည့်အမျိုးသမီးသဖွယ် ပြောဆိုခဲ့ပြီး ခင်ပွန်းနှင့် မြန်မာ နိုင်ငံသားအဖြစ်မှပယ်ဖျက်ခြင်းခံခဲ့ရသည့် သူ၏ သားများကို ပြစ်တင်ရှုတ်ချသည့် လှုပ်ရှားမှုများပြုလုပ်ခဲ့ကြသည်။
သည်အရာတွေကို တုံ့ပြန် သောအားဖြင့် မိုက်ကယ်နှင့်သား များက ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကျခံချိန်ကစပြီး လူ မြင်ကွင်းကနေ ဝေးဝေးနေခဲ့ကြ သည်။
သူ၏သားများက သတင်းစာဆရာများကို မည်သည့်အခါမျှတွေ့ဆုံမေးမြန်းမှုတွေ လုပ်ခွင့် မပေးခဲ့ပါ။ သည်နှစ်တွေအတွင်း မှာ သြစတြေးလျ အမျိုးသမီး အပတ်စဉ် ထုတ်စာစောင်မှ သတင်းစာဆရာဝီလျံလင်ဂလေကိုသာ ၂၀၀၄ တွင် သားငယ် ကင်အဲရစ်က တစ်ကြိမ်သာ ပြောကြားခဲ့ဖူးသည်။
‘‘မြန်မာပြည်လွတ်လပ်ခွင့် ရဖို့က အမေ့အတွက် (ဒေါ်အောင် ဆန်းစုကြည်)အရေးကြီးဆုံးပါ။ သူ့အကြောင်းပြချက်ကို ကျွန်တော်လေးစားရမှာပါ။ လွယ်တော့ မလွယ်ပါဘူး။ အမေက ဒီလို ဆုံးဖြတ်သွားတဲ့အတွက် ကျွန် တော်ဂုဏ်ယူပါတယ်’’ဟု ကင်က ပြောကြားခဲ့သည်။
‘‘ကင်က အောက်စဖို့ဒ်မှာပဲ ရိုးရိုးကုပ်ကုပ် နေခဲ့တယ်။ ပြီးတော့ လက်သမားဆရာအဖြစ် အလုပ်လုပ်တယ်။ သူက စကား တွေ ပြောရမှာကို စိတ်ပူနေခဲ့ တယ်။ ဘာလို့လဲဆိုတော့ မြန်မာ စစ်အစိုးရက သူပြောတာကို လို သလိုလှည့်သုံးမှာစိုးလို့။ မိသားစု ကိုထားပြီး သူ့အမေက သူ့တိုင်း ပြည်က အခက်အခဲတွေ၊ လိုအပ် ချက်တွေ ဖြေရှင်းခဲ့တာကိုလည်း သူကဂုဏ်ယူပါတယ်။ ဒါပေမဲ့ ဒါတွေရဲ့ဆိုးကျိုးတွေကိုတော့ သူတကယ့်ကိုရုန်းကန်ရင်ဆိုင်ခဲ့ရတယ်။ သူ့ဘဝက အများကြီး နစ်နာဆုံးရှုံးခဲ့ရပြီး လုံခြုံမှု မရခဲ့ဘူး’’
သားအကြီး အလက်ဇန္ဒား အဲရစ်က အမေရိကန်နိုင်ငံတွင် ပညာရှင်တစ်ဦးအဖြစ် အလုပ် လုပ်နေသည်။ သူက ဗုဒ္ဓဘာသာ ဆေးဆရာတစ်ဦးဖြစ်ရန် သင်ကြားနေသည်ဟုဆိုသည်။ ဒေါ်အောင်ဆန်းစုကြည် ၂၀၁၀ ပြည့်နှစ်တွင် လွတ်မြောက်လာကတည်းက သူ့အမေကို လာတွေ့မည် (သို့မဟုတ်) တွေ့သည်ဟူသောစကားကိုတော့ မကြားဖူးပေ။
သားအငယ်ကင်ကမူ ရန်ကုန်ကိုလာပြီး သူ့အမေအတွက် ခွေးလေးတစ်ကောင်ကို လက်ဆောင်အဖြစ်ပေးခဲ့သည်။ လန်ဒန်ကို သူ့အမေလာသည့် အချိန်မှာလည်း သူ့ကလေးများကို အဘွားဖြစ်သူနှင့် မိတ်ဆက်ပေးခဲ့သည်။
၂၀၁၁ တွင် မင်းသမီးမီရှဲ ယိုး သူ့မိခင်နေရာကနေ သရုပ် ဆောင်ခဲ့သော သည်လေဒီရုပ်ရှင် ဇာတ်ကားတွင် ထုတ်လုပ်သူများနှင့် ကင်က ပူးပေါင်းဆောင်ရွက်ခဲ့သည်။
ထိုဇာတ်ကားတွင် ဒေါ်အောင်ဆန်းစုကြည်၏ သတ္တိ၊ မဆုတ်မနစ် ကြံ့ကြံ့ခံမှုနှင့် နာ ကျင်ကြေကွဲမှုတို့ကို သရုပ်ဆောင် ထားသည့် မီရှဲယိုး၏ ပြောင် မြောက်သောသရုပ်ဆောင်မှုများ ကိုကြည့်ရသည်မှာ တစ်ချိန်တုန်း က အောက်စဖို့ဒ်တွင် သာမန်မိသားစုတစ်စု ဖြတ်သန်းခဲ့ရသော နာကျင်ခံစားရမှု ဒုက္ခ ဝေဒနာ သောကများကို ခံစားမြင်တွေ့နိုင်သည်။
(ဗြိတိန်နိုင်ငံ တယ်လီဂရပ်ဖ် သတင်းစာတွင် ဖော်ပြပါရှိခဲ့သော The pain of Aung Sun Suu Kyi's sons, parted from their mother for 25 years ဆောင်းပါးကို ထားထားမြင့် ဘာသာပြန်ဆို သည်။)
http://www.7daydaily.com/story/47247
Post a Comment